ဘီလ်ဘာအိုအသင်းကို လေးဂိုးပြတ် အနိုင်ရရှိပြီး စပိန်ကိုပါဒယ်ရေးဖလား ချန်ပီယံဆုကို ဘာစီလိုနာအသင်း (၃၁) ကြိမ်မြောက် ဆွတ်ခူးရရှိ

စပိန်ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ်အဖြစ်  ဧပြီ ၁၈ ရက် နံနက်ပိုင်းက ဘာစီလိုနာအသင်းနှင့် ဘီလ် ဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားရာ  ဘာစီလိုနာအသင်းက  ဘီလ်ဘာအိုအသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး  ချန်ပီယံဆုဖလားကို  (၃၁)ကြိမ်မြောက် ဆွတ်ခူးရရှိကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်းက ခြေစွမ်း ပိုင်းအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဘီလ်ဘာအို အသင်းက ခံစစ်ပိုင်းအမှားအယွင်းမရှိ ကစားနိုင်ခဲ့မှုကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်  ဘာစီလိုနာ အသင်းက ပိုမိုတိုက်စစ်ဆင် ဖိအားပေးကစားနိုင်ခဲ့ ပြီး   ပွဲချိန် မိနစ် ၆၀ တွင် ဂရစ်မန်းဇ်က ဘာစီလိုနာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဦးဆောင်ဂိုးရရှိခဲ့ပြီးသည့်နောက်ပိုင်း   ဘာစီလိုနာ အသင်းကပင်  ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ကာ  ပွဲချိန် ၆၃ မိနစ်တွင် ဒီဂျောင်းကလည်းကောင်း၊ ပွဲချိန် ၆၈ မိနစ်နှင့် ၇၂  မိနစ်တို့တွင် မက်ဆီကလည်းကောင်း ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးများ အသီးသီး သွင်းယူနိုင်ပြီး ပွဲပြီးဆုံးချိန်တွင် လေးဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဆွတ်ခူးနိုင်ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင်   ဘာစီလိုနာအသင်းအတွက် သွင်းဂိုး   နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှူး မက်ဆီသည်လည်း ရာသီအစပိုင်းက အပြောင်းအရွှေ့ သတင်းများကြောင့် ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန် ခဲ့ရသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းပိုင်း ပြန်လည်ကောင်းမွန်ခဲ့ကာ ယခုဘောလုံးရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူ ပေးထားပြီး ဘောလုံးရာသီ ၁၃ ရာသီဆက် သွင်းဂိုး ၃၀ နှင့်အထက်သွင်းယူနိုင်ခဲ့သည့် ကစားသမားအဖြစ်လည်း မှတ်တမ်းကောင်းတစ်ရပ်ပိုင်ဆိုင်ခဲ့သည်။

အလားတူ  နည်းပြကိုးလ်မန်းအတွက်လည်း ယခုဘောလုံးရာသီတွင်   ပထမဆုံးဆုဖလားအဖြစ် ဆွတ်ခူးနိုင်သကဲ့သို့ ဘာစီလိုနာ အသင်းသည်လည်း စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဆု (၃၁) ကြိမ်ဆွတ်ခူးနိုင်ကာ  အကြိမ်ရေ အများဆုံး ရရှိသည့်အသင်းအဖြစ်     ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။                 

Ref;Marca