မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုများအား လူစုခွဲရှင်းလင်းခဲ့မှုနှင့် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဧပြီ ၁၉

 

နိုင်ငံတော်အတွင်း မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်းသိမ်းခဲ့ပြီး ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်သူများအား အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ရက် တွင် ပျဉ်းမနားမြို့၊ ဘောဂဝတီရပ်ကွက်၊ နယ်မြေ(၄)၊ (၂)လမ်းရှိ ဦးမိုးကျော်နေအိမ်၌ ၎င်းင်း၏သားဖြစ်သူ အောင်မိုးသိန်းအား လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ကော့ကရိတ်မြို့၊ အမှတ်(၅) ရပ်ကွက်၊ ကြာပန်းလမ်းဆုံ၌ မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ နိုင်သန်း(ခ) ကျော်သန်း(ဘ)ဦးမြင့်ဇော်အား တူမီးသေနတ် ၁ လက်နှင့်လည်းကောင်း၊ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ရေကျော်လမ်း၊ အမှတ်(၄၉)၊ (၄)လွှာရှိ နေအိမ်၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့်အရေးယူထားသည့် အလွတ်တန်းသတင်းထောက်ဖြစ်သူ ဂျပန်နိုင်ငံသား Mr.Yuki Kitazumi (ဘ) Mr. Nori Kitazumi  အားလည်းကောင်း၊ ညနေ ၆ နာရီခွဲအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြုံမြို့၊ အမှတ် (၆)ရပ်ကွက်၊ လမ်းမတော်လမ်း၌ ဆူပူအကြမ်းဖက်သူ လူစုလူဝေး အင်အား ၂၀၀ ဦးခန့်သည် အများပြည်သူသွားလာနေသော လမ်းမကြီးအား သဲအိတ်များဖြင့် ပိတ်ဆို့ပြီး ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ရာ ဆူပူဆန္ဒပြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား သဲအိတ်ဘန်ကာအား အကာအကွယ် ယူ၍ လက်လုပ်သေနတ်၊ ဂျင်ကလိ၊ လေးခွ၊ လက်လုပ်မိုင်းများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ပြန်လည်ခြောက်လှန့် ပစ်ခတ် လူစုခွဲခဲ့ရာ ည ၉ နာရီ ၂၀ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူများ အသုံးပြုခဲ့သည့် လက်လုပ်သေနတ် ၁ လက်၊ ဂျင်ကလိ ၄၅ ချောင်း၊ လေးခွ ၁ လက်၊ လောက်စလုံး ၂၀ လုံး၊  မီးစာတပ်ဆင်ထားသော မီးပုလင်း ၈ လုံး၊ ဓာတ်ဆီများထည့်ထားသည့် ကော်ပုံး ၁ ပုံးနှင့် လက်လုပ်မိုင်း ၇ လုံးတို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၉ ရက်တွင် လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာ၊ ဉရုဝေလကျောင်းတိုက်အတွင်းရှိ ရေမြောင်းအောက်၌ လက်လုပ်လေသေနတ် ၅ လက်၊ ဆက်စပ်ပစ္စည်းများနှင့် ဓမ္မပါလကျောင်းအနီးပတ်ဝန်းကျင်၌ လက်လုပ်လေသေနတ် ၁၄ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ နံနက် ၇ နာရီခွဲအချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်၊ ဇေညီနောင် ဆီဆိုင်အနီး လမ်းမပေါ်တွင် ဆူပူအကြမ်းဖက်သူအင်အား ၇၀ ဦး ခန့်မှ လမ်းမကြီးအား အတားအဆီးများ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအခြေအနေအား ထိန်းသိမ်းနိုင်ရေးသွားရောက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များအား လေးခွ၊ ဂျင်ကလိ၊ ခဲများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ပြန်လည်ခြောက်လှန့်လူစုခွဲခဲ့ရာ နံနက် ၉ နာရီခွဲအချိန်တွင် လူစုကွဲသွား ခဲ့ကြောင်း သိရသည်။

 

အလားတူ နံနက် ၈ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၈၃ လမ်း၊ မြို့ဟောင်းဈေးအနီးတွင် အနက်ရောက်များ ဝတ်ဆင်ထားသော ဆူပူအကြမ်းဖက်သူအင်အား ၂၀ ဦးခန့် စုဝေနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ရာ အဆိုပါ လူစုလူဝေးမှာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနဝင်းအတွင်းသို့ ထွက်ပြေးသွားသည်ကို တွေ့ရှိရသဖြင့် လိုက်လံရှင်းလင်းခဲ့ရာ ၎င်းခြံဝင်းအတွင်းမှ ဆူပူအကြမ်းဖက်သူများ ပြင်ဆင်ထားသည့် လက်လုပ်မိုင်း ၆ လုံး၊ မီးရှူးမီးပန်း ၇ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ နံနက် ၈ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နားခါရပ်ကွက်၊ ဈေးလမ်း ထောင့်တွင် ဆူပူဆန္ဒပြသူလူစုလူဝေးအင်အား ၂၀ ဦးခန့်သည် ဆူပူဆန္ဒပြနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်ပြီး လူစုခွဲရန် ညှိနှိုင်းဖြေလျော့မှုပြုလုပ်ခဲ့သော်လည်း အဆိုပါ လူစုလူဝေးမှ လိုက်နာမှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးလူစုခွဲခဲ့ပြီး အဆိုပါ လူအုပ်စုအတွင်းမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

 

အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့ နယ်၊ (၆၅)လမ်း၊ ၃၇ x ၃၈ လမ်းတွင် လူစုလူဝေအင်အား ၅၀ ဦးခန့်သည် ဆိုင်ကယ် ၂၅ စီးခန့်ဖြင့် ဆူပူဆန္ဒပြရန်စုဝေးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်၍ အင်အားသုံး လူစုခွဲခဲ့ပြီး အဆိုပါ လူအုပ်စုအတွင်းမှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၇ ဦးတို့အား လက်လုပ်မိုင်း ၅ လုံး၊ ဆိုင်ကယ် ၁၀ စီးတို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

 

အလားတူ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ (၃)ရပ်ကွက်နှင့် (၄)ရပ်ကွက်ကြား မြို့ရှောင်လမ်းပေါ်တွင် ဦးဆောင်သူ (စိစစ်ဆဲ) လူစုလူဝေး အင်အား ၇၀ ဦးခန့်သည် လမ်းမကြီးပေါ်တွင် အတားအဆီးများပြုလုပ်၍ ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  သွားရောက်ခဲ့ရာ ဆူပူဆန္ဒပြသူများမှ လုံခြုံရေးတပ်ဖွဲ့ဝင် များအား လေးဂွ၊ လေသေနတ်၊ လက်လုပ်မိုင်းများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်ခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ပြန်လည်ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူ လူအုပ်စုအတွင်းမှ ဒိုင်း ၃ ချပ်၊ မီးစတပ်ဆင်ထားသည့် မီးပုလင်း ၁၅ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ ကျဉ်စက် ၁ ခု၊ ကျည်ကာ အင်္ကျီ ၁ ထည်နှင့် ဟန်စပီကာ ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

   

အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။