မက်ဒရစ်၊ ဘောလုံး
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ချယ်လ်ဆီး အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဟာဇက်ပြန်လည်ပါဝင်လာ မည်ဖြစ်ကြောင်း ပြောသည်။
အသက် ၃၀ အရွယ် ဟာဇက်သည် ၂၀၁၉ ခုနှစ် ဇူလိုင်လက ချယ်လ်ဆီးအသင်းမှ ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ရီးယဲလ် မက်ဒရစ်အသင်း၌ ဒဏ်ရာပြဿနာများဖြင့် ရုန်းကန် နေရသော်လည်း လက်ရှိတွင် ဒဏ်ရာပြန်လည် သက်သာလာပြီဖြစ်သည့်အတွက် အသင်းဟောင်းနှင့် ပြန်ကစားရမည့်ပွဲစဉ်၌ ပြန်လည်ပါဝင်လာဖွယ်ရှိနေခြင်း ဖြစ်သည်။
ဟာဇက်သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကစားခဲ့သော လီဗန်တေးအသင်းနှင့် ရီးယဲလ် မက်ဒရစ် အသင်းတို့ကစားသည့်ပွဲစဉ်၌ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့သည့်အတွက် အသင်းနှင့် ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ရခြင်း ဖြစ်သည်။
နည်းပြဇီဒန်းက “ဟာဇက်အနေနဲ့ ဒဏ်ရာပြန်လည်သက်သာနေပြီဖြစ်လို့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်အမီတော့ ဒဏ်ရာက ကြံ့ခိုင်မှုပြည့်ဝပါလိမ့်မယ်။ သူ့အနေနဲ့လည်း ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားချင် နေမှာပါ။ ဒဏ်ရာက ကြံ့ခိုင်မှုပြည့်ဝဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု ပြောသည်။
ချယ်လ်ဆီးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမ အကျော့ပွဲစဉ် အဖြစ် ဧပြီ ၂၈ ရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။
Ref;Eurosports