တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံကုသ

နေပြည်တော် ဧပြီ ၁၉

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၄၆၆၉၂ ဦး၊ အတွင်းလူနာ ၄၂၁၆ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၆၉၃၆ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၃၆၀၀ ဦး၊ စုစုပေါင်း၁၀၅၃၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားလူနာ ၃၆၅၉ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၅၆၇၅ ဦးကို သာမန်မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၉၃၃၄ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက် ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။