ကသာမြို့ဘက်မှ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်သို့ ပို့ဆောင်မည့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များအား KIA အဖွဲ့က လက်နက်ကြီး/လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဧပြီ - ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ဘက်မှ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်သို့ ပို့ဆောင်မည့် စက်သုံးဆီများတင်ဆောင်လာသော ၁၂ ဘီးယာဉ် ၅ စီးအား ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် မိုးညှင်းမြို့၏အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ တံတားအမှတ်(၅/၂၀၂)သို့အရောက်၌ KIA အဖွဲ့ အင်အား ၇ ဦးခန့်မှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် NISSAN DIESEL အမျိုးအစား ၁၂ ဘီးယာဉ် အမှတ်၊ MDY-3E/--— မှ ယာဉ်နောက်လိုက်ဖြစ်သူ ရဲလင်းထွန်း(ဘ)ဦးသိန်းရွှေ တွင် လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ရဲထွဋ်ခိုင် (ဘ)ဦးခိုင်ဇော်မြင့် နှင့် NISSAN DIESEL အမျိုးအစား ၁၂ ဘီးယာဉ် အမှတ်၊ MDY-9D/--— မှ ယာဉ်မောင်းဖြစ်သူ ဦးရန်နိုင်မွန် တို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ သေဆုံး/ဒဏ်ရာရရှိသူများအား မိုးညှင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ၍ ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။