လန်ဒန်၊ ဘောလုံး
ချယ်လ်ဆီးအသင်းနှင့် နည်းပြတူချယ်တို့ သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုနိုင်ရန် ဆွေးနွေးမှုများပြုလုပ် လျက်ရှိနေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် နည်းပြတူချယ်ကို ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ၁၈ လစာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး လာမည့်နှစ်ဘောလုံးရာသီမကုန်ဆုံးမီ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
နည်းပြတူချယ်သည် ချယ်လ်ဆီးအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း လက်ရှိ ပွဲစဉ် (၃၂) အပြီး ချန်ပီယံ လိဂ်ဝင်ခွင့်တစ်နေရာဖြစ်သည့် အဆင့် (၄) နေရာသို့ ပြန်လည်တက်လှမ်းနိုင်ရန် နီးစပ်လျက်ရှိသည်။
အလားတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့ သကဲ့သို့ အက်ဖ်အေဖလားပြိုင်ပွဲတွင်လည်း မန်စီးတီးအသင်းကိုအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ရန် စွမ်းဆောင်နိုင်ခဲ့မှုများကြောင့် ချယ်လ်ဆီးအသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုနေခြင်းဖြစ်ပြီး စာချုပ် သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကာ သဘောတူညီမှုရရှိရန်နီးစပ်နေခြင်း ဖြစ်သည်။
နည်းပြတူချယ်သည် ချယ်လ်ဆီးအသင်းကို ၁၉ ပွဲ ကိုင်တွယ်ခဲ့ရာ နှစ်ပွဲသာရှုံးနိမ့်ခဲ့ပြီး ၁၄ ပွဲအထိ ဂိုးမပေးရ အောင်စွမ်းဆောင်နိုင်ခဲ့ကာ ယခုနှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခံထား ရကြောင်း သိရသည်။
Ref;Football London