ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ကျောက်ကြီးမြို့နယ်ရှိ ငါးမွေးမြူသူတောင်သူများအား သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး စားသုံးသူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ခြင်း၊ ငါးသားပေါက်လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ရပ်တန့်ခြင်း မရှိစေခြင်းဖြင့် ပြည်သူများ ငါးရိက္ခာဖူလုံစေရေး၊ တစ်ဦးချင်းငါးစားသုံးသူများ ပိုမိုတိုးပွားလာစေရေးတို့အတွက် ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ဖြူးမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူးက ပြောသည်။
ကျောက်ကြီးမြို့နယ်တွင် COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူ သုံးဦး၏ လယ် ၂၈ ဒသမ ၉၂ ဧက၌ ငါးမြစ်ချင်းကောင်ရေ စုစုပေါင်း ၂၅၇၁၁ ကောင်အား ထောက်ပံ့ပေးသည်။
အဆိုပါ အခမ်းအနားတွင် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများ၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ငါးမွေးမြူသူတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။