ယူအီးအက်ဖ်အေက ဥရောပစူပါလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများကို ယခုဘောလုံးရာသီတွင်ပင် ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ဖွယ်ရှိနေ

နီယွန်၊ ဘောလုံး

ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က ဥရောပစူပါလိဂ်ပြိုင်ပွဲဝင်ရောက်မည့် အသင်းများကို  ယခုနှစ်ဘောလုံးရာသီတွင်ပင် ချန်ပီယံလိဂ်နှင့်ယူရို ပါလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်သွားဖွယ်ရှိကြောင်း ဥက္ကဋ္ဌ စီဖရင်က ပြောကြားခဲ့သည်။

ဥရောပထိပ်တန်းအသင်းကြီးများက ဦးဆောင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲနှင့်အပြိုင် ဥရောပစူပါလိဂ်အမည်ဖြင့် ပြိုင်ပွဲအသစ်တစ်ခုကို လာမည့်နှစ်ဘောလုံးရာသီမှစတင်ကာ ကျင်းပရန်စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ထိပ်တန်းအသင်းအများစုမှာ ကျင်းပရန် သဘောတူညီမှုပင်ရရှိထားပြီဖြစ်ကြောင်း သတင်း များထွက်ပေါ် နေခြင်းဖြစ်သည်။

ဥရောပစူပါလိဂ်ပြိုင်ပွဲကို   ဥရောပတစ်ဝန်းမှ ထိပ်တန်းအသင်းကြီး ၂၀ ဖြင့် ကျင်းပရန်စီစဉ်နေပြီး လက်ရှိတွင် မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူး၊ စပါး၊ ချယ်လ်ဆီး၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီ ကို၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်နှင့် အေစီမီလန်အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ရန် သဘောတူညီမှု ရရှိခဲ့ကြပြီး အသင်းအားလုံးကလည်း ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်မှ နုတ်ထွက်ရန်အတွက် ပြင်ဆင်လာခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ဥရောပဘောလုံး အဖွဲ့ချုပ်တို့ကလည်း ဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပမှုကို လက်မခံဘဲ မကျင်းပရန် အစောပိုင်းကတည်းက သတိပေးမှုများပြုလုပ်ထားပြီး အစောပိုင်းက ဝင်ရောက် ယှဉ်ပြိုင်မည့်အသင်းများကို လာမည့်နှစ်တွင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့မှ ထုတ်ပယ်သွားမည့်အပြင် ပြိုင်ပွဲဝင်ကစားသမားများကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကစားခွင့်ပိတ်ပင်သွားမည်ဟု သတိပေးထားသော် လည်း ယခုအခါ ဆက်လက်ကျင်းပမည်ဆိုပါက ယခုနှစ်ဘောလုံးရာသီတွင်ပင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ပြိုင်ပွဲတို့မှ ထုတ်ပယ်ရန် ပြင်ဆင်လာနေခြင်းဖြစ်သည်။

လက်ရှိဥရောပစူပါလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများမှ ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်၊ ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းတို့မှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့် တက် ရောက်ထားသကဲ့သို့  မန်ယူအသင်းနှင့် အာဆင်နယ် အသင်းတို့သည်လည်း ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့် တက်ရောက် ထားပြီဖြစ်သည့်အတွက် ဥရောပစူပါလိဂ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရန်စီစဉ်လာပါက ဥရောပဘောလုံး အဖွဲ့ချုပ်က အဆိုပါအသင်း ငါးသင်းကို ယခုနှစ်ဘောလုံးရာသီတွင်ပင် ပြိုင်ပွဲမှ ထုတ်ပယ်ဖွယ်ရှိနေခြင်း ဖြစ်သည်။

လက်ရှိတွင် ဥရောပစူပါလိဂ်ပြိုင်ပွဲ အလှည့်ကျဥက္ကဋ္ဌအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က စတင် တာဝန်ယူသွားရန် သဘောတူညီမှုရရှိထားပြီဖြစ်ကာ ဒုတိယဥက္ကဋ္ဌများအဖြစ် ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌ အက်ဂ်နယ်လီနှင့် မန်ယူအသင်းပိုင်ရှင် ဂလေဇာတို့က တာဝန်ယူဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း သိရသည်။

Ref;EuroSports