ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများအနေဖြင့် အကြမ်းဖက် ဖျက်ဆီးမှု လုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ ဧပြီလ ၂၁   

    နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား အကြမ်းဖက်ရန်ပြု ဖျက်ဆီးခြင်းနှင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲ ဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

    ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းမဘေးရှိ ရှောက်ပင်ရိုးကျေးရွာ အုပ်စု ကျေးရွာစီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ ကျေးရွာနေပြည်သူများနှင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ရုံးအတွင်းရှိ ဘီရို ၄ လုံး၊ ရေခဲ သေတ္တာ ၁ လုံး၊ မိတ္တူကူးစက် ၁ လုံး၊ လေအေးပေးစက် ၁ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၅၀ လုံး၊ TV ၁ လုံး၊ ဝါတာကိုလာ ၁ လုံး၊ အောက်စက် ၁ လုံး၊ စားပွဲ ၃ လုံးနှင့် ရုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

    အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် မြို့၊ အမှတ်(၄)နဝရတ်ရပ်ကွက်၊ ဆရာစံလမ်းရှိ "ကိုရွှေစိုး" လက်ဖက်ရည်ဆိုင်အား အကြမ်းဖက်သူ အမျိုးသား ၁ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်အတွင်းကျရောက်ကာ ပေါက်ကွဲမှုမရှိသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ထို့အတူ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား စက်ဘီးစီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၁ ဦးက လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၏ ဘေးရှိ တိုက် ၂ လုံးကြား ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိသည်ကိုတွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

    အလားတူ ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ ရွှေချီ(၆)လမ်းနှင့် သခင်ထွန်းအုပ် လမ်းထောင့်ရှိ မြဝတီဘဏ်အား အကြမ်းဖက်သူက လက်လုပ်ဗုံးဖြင့်  ပစ်ပေါက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ဘဏ်ရှေ့မျက်နှာစာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်မှု မရှိကြောင်း သိရသည်။

    ထို့အတူ ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ ဈေးရုံဗိုလ်တဲရပ်ကွက်နေ ဦးကျော်စိုး(၆၇)နှစ်(ဘ)ဦးဘကြီး၏ နေအိမ်အား အကြမ်းဖက်သူများက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့၍ အဆိုပါ လက်လုပ်မိုင်းမှာ ဦးကျော်စိုး၏ နေအိမ် ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့ရှိ အလှပန်းအိုးများ ထိခိုက် ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

    အလားတူ ည ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်းနေ ဒေါ်ဝင်းကြည်၏ နေအိမ်အား အကြမ်းဖက်သူများက မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှသွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဒေါ်ဝင်းကြည် နေအိမ်ပါ လူနေအိမ် ၁၀ လုံး၊ ဂိုဒေါင် ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

    ထို့အတူ ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ တောင်ဘိုကျေးရွာနှင့် ညောင်လေးပင် ကျေးရွာကြားရှိ သမန်းတောချောင်းပေါ်တွင် ဆောက်လုပ်ထားသော အလျား ၃၀ ပေ၊ အနံ ၁၅ ပေရှိ ရွာချင်းဆက် သစ်သား ဘေလီတံတားအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၉ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ ကြောင်းနှင့် မီးလောင်မှုကြောင့် တံတား၏ ယာဘက်ခြမ်း အလျား ၄ ပေ၊ အနံ ၃ ပေခန့် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

    အလားတူ နံနက် ၁၀ နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းအနီးရှိ ခြုံထဲတွင် မသင်္ကာဖွယ်ရာ ပလက်စတစ် အိတ် ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအိတ်အတွင်းမှ စနက်တံပါ လက်လုပ်ဗုံး ၅ လုံးတို့အား တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    ထို့အတူ နေ့လယ် ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အောင်မြေဒဂုံ ဘုန်းကြီးကျောင်းအတွင်းရှိ Mytel တာဝါတိုင် ထိန်းချုပ်ခန်းအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက မီးရှို့ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် တာဝါတိုင် ထိန်းချုပ်ခန်း အတွင်းရှိ ဝါယာကြိုးများ၊ AirCom ၂ လုံးအပေါ်ကာဘာနှင့် မြို့နယ်နေရာပြမြေပုံတို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    အလားတူ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ ပေတောကုန်းလမ်းနှင့် မဟာသုခလမ်းတို့၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပေတောကုန်းလမ်းနှင့် ရထားလမ်းသို့ ဖြတ်ကူးသော လူကူးသံလှေကားအောက်၌ ပေါက်ကွဲထားပြီးသော အချိုရည်ဗူးခွံ ၁ ခုနှင့် မဟာသုခလမ်းရှိ စည်ပင်အမှိုက်ပုံးနှင့် အုတ်နံရံကြားရှိ‌ ရေမြောင်းအဖုံးပေါ်တွင် ပေါက်ကွဲထားပြီးသော အချိုရည်ဗူးခွံ ၁ ခုတို့အား တွေ့ရှိခဲ့ရပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လူနှင့် ပစ္စည်းထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။

    ထို့အတူ မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၂၇)ရပ်ကွက် ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ် ဗုံးမှာ  ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရုံးအနည်းငယ် ပျက်စီးပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။

    အဆိုပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများနှင့် ပါဝင် ပတ်သက်သူများအားလည်း စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။