ယခုလအတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) တွင် နေ့စဉ်အမည်ပေါက် ပြောင်းလဲသည့် ယာဉ်များသည် ယခင်လများထက် ပိုမိုများပြားနေကြောင်း က.ည.န (ရန်ကုန်) မှ တိုင်းဦးစီးမှူး ဦးသိန်းထွဋ်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ အမည်ပေါက်ပြောင်းလဲသည့် ယာဉ်များပြားလာခြင်းသည် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံမည့်အခွန်တိုးမြှင့်ရန် ရှိနေခြင်းနှင့် သက်ဆိုင်နိုင်ကြောင်း၊ ဇွန်လမှစတင်ကာ က.ည.န အနေဖြင့် ဝန်ဆောင်မှု လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စတင်ဆောင်ရွက်ချိန်တွင် အမည်ပေါက်ပြောင်း ယာဉ်အစီးရေ နှစ်သောင်းခန့်သာ ရှိခဲ့သော်လည်း ဇူလိုင်လတွင် သုံးသောင်းခွဲကျော်အထိ မြင့်တက်ခဲ့သည်။ သြဂုတ်လတွင်လည်း နေ့စဉ် အမည်ပေါက်ပြောင်း ယာဉ်အဖြစ် ဆောင်ရွက်ရန် အစီးရေရာနှင့်ချီရှိနေပြီး အမည်ပေါက်ပြောင်းယာဉ်လုပ်ငန်း စတင်ခဲ့သည့် ဇန်နဝါရီလမှ မတ်လကုန်အထိ ဆောင်ရွက်ခဲ့သော ယာဉ်အစီးရေ သုံးသောင်းကျော် ရှိခဲ့ကြောင်း သိရသည်။
''အမည်ပေါက်ပြောင်းတဲ့နေရာမှာ လူစုလူဝေးမဖြစ်အောင် အွန်လိုင်းစနစ်နဲ့ ဆောင် ရွက်ပေးနေတာတွေ ရှိပါတယ်။ လက်ရှိမှာတော့ လုပ်ဆောင်ဖို့ စောင့်ဆိုင်းနေတဲ့အစီးရေ ရာချီရှိနေပါတယ်။ အခုဖြေလျှော့ပေးတဲ့ အခွန်ကလည်း စက်တင်ဘာလ နောက်ဆုံးသတ်မှတ်ထားတာဖြစ်လို့ ဒီကာလအတွင်းမှာ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ မဖြစ်မနေ ယာဉ်အမည်ပေါက် ပြောင်းလဲကြဖို့ တိုက်တွန်းထားပါတယ်'' ဟု ဦးသိန်းထွဋ်က ပြောသည်။
၂ဝ၁၉ ခုနှစ်မှစတင်ကာ အမှုအခင်း ကိစ္စရပ်များအပါအဝင် မော်တော်ယာဉ်နှင့် ဆက်စပ်သည့် ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက အလွယ်တကူ ဖြေရှင်းနိုင်ရန် မော်တော်ယာဉ်အားလုံးကို ပိုင်ရှင်အမည်ပေါက်နှင့် နေရပ်လိပ်စာ မှန်ကန်စေရန် ကြိုးပမ်းခဲ့ပြီး အခွန်ကိုလည်း ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။