မိုးရာသီကာလအတွင်း မြစ်ရေမြင့်တက်ကာ ရေလမ်းကြောင်း ကောင်းမွန်လာသောကြောင့် ယခုရက်ပိုင်းအတွင်း မန္တလေး ဆိပ်ကမ်းမှ တခြားမြို့များသို့ လူသုံးကုန်၊ အလှကုန်နှင့် တခြားကုန်စည် တင်ပို့မည့် ကုန်တင်သင်္ဘော အစင်းရေ ၁ဝဝ ကျော်အထိ ရှိလာကြောင်း မန္တလေးတိုင်း ဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်၏ ပြောပြချက်အရ သိရသည်။
ရေလမ်းကြောင်း ကောင်းမွန်လာမှုကြောင့် မန္တလေးဆိပ်ကမ်းမှ ကုန်စည်တင်ပို့မည့် သင်္ဘောများအပြင် တခြားမြို့များမှ မန္တလေးဆိပ်ကမ်းသို့ တင်ပို့မည့်ကုန်တင် သင်္ဘောများအနေဖြင့်လည်း ကုန်စည်တင်ပို့ မှု ပိုမိုများပြားလာသည်။
လက်ရှိတွင် မန္တလေးဂေါဝိန်ဆိပ်ကမ်း၊ ချော်ဆိပ်နှင့် ရွှေကြက်ယက် ဆိပ်ကမ်းတို့မှ တခြားမြို့များသို့ လူသုံးကုန်၊ အလှကုန်နှင့် အဝတ်အထည် စသည့် ကုန်ပစ္စည်းများ အပါအဝင် ကျောက်မီးသွေး တင်ပို့သည့်သင်္ဘောများ ယခင်ကထက် ပိုမိုများပြားလာကြောင်း သိရ သည်။
''အရင်က မန္တလေးမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေက COVID-19 ရောဂါ အခြေအနေကြောင့် လည်ပတ်မှု ရပ်ဆိုင်းထားတာတွေရှိတော့ မန္တလေးကနေ ကုန် စည်တင်ပို့မှု တော်တော်နည်းသွားတယ်။ အခုတော့ အထည်ချုပ် လုပ်ငန်းတွေ ပြန် လည် လည်ပတ်လာတဲ့အပြင် တရုတ်နိုင်ငံက အဝတ်အထည်တွေ ပြန်ဝင်လာတာ ကြောင့် မန္တလေးဆိပ်ကမ်းကနေ တခြားမြို့တွေကို ကုန်စည်တင်ပို့တဲ့ သင်္ဘောတွေ တော်တော်များလာတယ်။ ပြီးတော့ အရင်က ကျောက်မီးသွေးထုတ်တဲ့ စက်ရုံတွေ ပိတ်ထားတော့ မန္တလေးကနေ တခြားမြို့ တွေကို ကျောက်မီးသွေး တင်ပို့တဲ့ကုန်တင်သင်္ဘောတွေ တော်တော်နည်းတယ်။ အခုက ရေလမ်းကြောင်း ကောင်းမွန်လာတာ ကြောင့် မန္တလေးဆိပ်ကမ်းကနေ ကျောက်မီးသွေး တင်ပို့မယ့်သ င်္ဘောတွေ တော်တော်များလာတယ်'' ဟု ဦးဝင်းမောင် ကပြောသည်။
ယခင်က မန္တလေးဆိပ်ကမ်းမှ ရန်ကုန်နှင့် မုံရွာမြို့တို့သို့ လူသုံးကုန်၊ အလှကုန်နှင့် အဝတ်အထည် စသည့်ကုန်ပစ္စည်းများ အပါအဝင် ကျောက်မီးသွေး တင်ပို့သည့် သင်္ဘောအစင်းရေ တစ်ရက်လျှင် ပျမ်းမျှ ၅ဝ ကျော်သာရှိသော်လည်း သြဂုတ် ၂ဝ ရက်မှစ၍ တစ်ရက်လျှင် သင်္ဘောအစင်းရေ ၁ဝဝ ကျော်အထိ ရှိလာကြောင်း သိရသည်။