ပေါ့ဂ်ဘာကို စာချုပ်သစ်ချုပ်ဆိုနိုင်မှသာ မိမိအနေဖြင့် စာချုပ်သစ် ကမ်းလှမ်းမှုကို လက်ခံမည်ဖြစ်ကြောင်း ဘရူနိုဖာနန်ဒက်စ်ပြော

မန်ယူအသင်း ကွင်းလယ်ကစားသမား   ဘရူနို ဖာနန်ဒက်စ်က အသင်းဖော် ပေါ့ဂ်ဘာကို စာချုပ်သစ် ချုပ်ဆိုနိုင်မှသာ မိမိအနေဖြင့် အသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုကို လက်ခံမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

မန်ယူအသင်းနှင့် ပေါ့ဂ်ဘာတို့ စာချုပ်သက်တမ်း မှာ ၂ဝ၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ထားသော်လည်း  လက်ရှိအချိန်ထိ  အဆင်ပြေခြင်း မရှိသေးဘဲ ကြန့်ကြာနေခြင်းဖြစ်သည်။

မန်ယူအသင်းက  အဓိကကွင်းလယ် ကစားသမား တစ်ဦးဖြစ်သည့်  ဘရူနိုဖာနန်ဒက်စ်နှင့်  ၂ဝ၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း  လက်မလွှတ်လိုသည့်အတွက်   နောက်ထပ် စာချုပ်သစ် ချုပ်ဆိုလိုခြင်းဖြစ်သည်။

နောက်ပိုင်းပွဲစဉ်များ၌  မန်ယူအသင်းကွင်းလယ် ပိုင်းတွင် အကောင်းဆုံး တွဲဖက်ပြီး ခြေစွမ်းပြသလျက် ရှိသည့်  ပေါ့ဂ်ဘာနှင့်  ဘရူနိုဖာနန်ဒက်စ်တို့ နှစ်ဦးစလုံးကို မန်ယူအသင်းက စာချုပ်သစ်ချုပ်ဆိုပြီး ထိန်းသိမ်းလိုသော်လည်း ပေါ့ဂ်ဘာနှင့် စာချုပ်သစ်မချုပ်ဆိုနိုင်ပါက ဘရူနိုဖာနန်ဒက်စ်ကိုပါ လက်လွှတ်ရမည့် အနေအထားနှင့် တွေ့ကြုံနေရခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်က အင်တာဗျူး အစီအစဉ်တစ်ခုတွင် ''ကျွန်တော်တို့နှစ်ဦးစလုံး ကွင်းထဲမှာ အတူတွဲဖက်ကစားရင်  ပိုကောင်းမွန်အောင် ကစားနိုင်တယ်လို့ ယုံကြည်ပါတယ်။ ပေါ့ဂ်ဘာရဲ့ စာချုပ်သစ်ချုပ်ဆိုမှု အောင်မြင်၊ မအောင်မြင်ကိုကြည့်ပြီးမှ ကျွန်တော့်ရဲ့စာချုပ်သစ်ချုပ်ဆိုမှု  လက်ခံမှာပါ''ဟု  ပြောကြားခဲ့သည်။