ဒူးလေး၊ တူမီးသေနတ်၊ လေသေနတ်၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်း ဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ - ၂၄

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ပေါက်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ပန်းတောင်းမြို့နယ်များအတွင်းရှိ ကျေးရွာအချို့၌ ဆူပူအကြမ်း ဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ ဧပြီ ၂၃ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား သည်။

  ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘောပေါက်ကာ ဒူးလေး ၄ လက်၊ တူမီးသေနတ် ၄၃ လက်၊ လေသေနတ် ၁၃ လက်၊ လက်လုပ်သေနတ် ၃၃ လက်နှင့် ဆက်စပ်ပစ္စည်းများကို ၎င်းတို့ သဘောဆန္ဒ အလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံခဲ့ကြကြောင်း သတင်း ရရှိသည်။