မြင်းခြံမြို့၊ အမှတ်(၆)ရပ်ကွက်အတွင်းရှိ နေအိမ်အား မီးရှို့ဖျက်ဆီးသူအား ဖမ်းဆီး ရမိ

နေပြည်တော်၊ ဧပြီ - ၂၄

  မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၆)ရပ်ကွက်အတွင်းရှိ ဒေါ်ဝင်းကြည်  ပိုင်ဆိုင်သည့် နေအိမ်အား ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ဆူပူအကြမ်းဖက်သူများက ဒလန် အိမ်ဟု ဆိုကာ မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၁၀ လုံးနှင့် ဂိုဒေါင် ၁ လုံး ၊ ကာလတန်ဖိုး ၉၅ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သော ဆူပူအကြမ်း ဖက်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၃ ရက်တွင် မီးရှို့ရာတွင် ပါဝင်ခဲ့ သည့် မျိုးကိုကို(ဘ)ဦးဆောင်းဝင်း အား ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသူ၏ စစ်ဆေးမေးမြန်းချက်အရ နေအိမ်အား မီးရှို့သည့် အဓိက တရားခံဖြစ်သူမှာ အောင်ဇော်ဟိန်း(ခ)ငပု(ဘ)ဦးကုလား ဆိုသူဖြစ်ကြောင်း သိရှိရသဖြင့် အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရှားတောကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။ အောင်ဇော်ဟိန်း ၏ ထွက်ဆိုချက်အရ ၎င်းသည် မူးယစ်သောက်စား ထားပြီး မျိုးကိုကိုနှင့်အတူ ဒေါ်ဝင်းကြည် ၏ အိမ်အတွင်း ခိုးဝင်ရောက်ကာ အစာအစား များကို ယူဆောင်ကာ စက္ကူနှင့်အဝတ်များ စုပုံမီးရှို့ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အများပြည်သူများ၏ နေအိမ်များအား မီးရှို့ဆောင်ရွက်ခဲ့သူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။