အမ်းမြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ထောက်ပံ့ ငွေနှင့် ရိက္ခာဆန်များ ထောက်ပံ့၊ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်

နေပြည်တော်၊ ဧပြီ - ၂၄

     ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူ များအား ထောက်ပံ့ငွေနှင့် ရိက္ခာဆန် ထောက်ပံ့ပေးအပ်ပွဲကို ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် အမ်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဌေးအောင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌမှ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ဆက် လက်ရှင်းလင်းပြောကြားသည်။

    ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက တိုက်ပွဲရှောင် ဒေသခံပြည်သူ အိမ်ထောင်စု (၁)စုလျှင်  ၅ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၂၄ စုအတွက် ငွေကျပ်သိန်း ၆၂၀ အား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌမှ အိမ်ထောင်စု(၁၂၄)စုအတွက်  တစ်လစာ ရိက္ခာဆန် ၁၃၁ အိတ် ၆ ပြည်အား လည်းကောင်း အသီးသီး ထောက်ပံ့ပေး အပ်ရာ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ဒေသခံ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြ သည်။

    အဆိုပါ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ထွက်ခွာနိုင်ရေးအတွက် နယ်မြေခံ တပ်မတော်သား  များက ကူညီဆောင်ရွက်ပေးပြီး မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့သည်။

     ပထမအကြိမ်အဖြစ် ဧပြီ ၆ ရက်တွင် နေရပ်ပြန်မည့် တိုက်ပွဲရှောင်ဒေသခံပြည်သူ အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၆၁ ဦးအတွက် ထောက်ပံ့ငွေကျပ်သိန်း ၈၀၊ တစ်လစာ ရိက္ခာဆန်၊ Solar မီးအိမ်(၁၆)လုံး၊ ဇီဝမီးဖို ၁၆ ခု၊ ရေပုံး ၁၆ ပုံး၊ ခြင်ထောင် ၄၈ လုံး၊ Family Kit ၁၆ ဖာ၊ စောင်ပါး ၄၈ ထည်၊ ဖိနပ် ၃၆ ရံ၊ ပုဆိုး ၂၆ ထည်၊ အမျိုးသားဝတ် အင်္ကျီ ၂၆ ထည်နှင့် အမျိုးသမီးဝတ် ၃၆ ထည်တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့အပြင် မတ် ၁၅ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာတွင် နေရပ်ပြန်မည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၄၀)စု၊ လူဦးရေ ၁၂၂ ဦးအား အလှူငွေကျပ်သိန်း ၉၀၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ်အသုံးအဆောင် ပစ္စည်းများကို  ထောက်ပံ့ပေးအပ်ခဲ့သည်။

    ၎င်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း အသီးသီးမှ ဒေသခံပြည်သူ များအား မိမိတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် တပ်မတော်နှင့် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီတို့မှ ဒေသအလိုက်စုဖွဲ့ ပြင်ဆင်ပေးခြင်းများ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။