တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံ များ၌ ဆက်လက် လက်ခံကုသ

နေပြည်တော်၊ ဧပြီ - ၂၅

   

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၆၂၈၀၇ ဦး၊ အတွင်းလူနာ ၄၁၉၁ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၇၆၃၅ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၃၉၀၁ ဦး၊ စုစုပေါင်း ၁၁၅၃၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသ ပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားလူနာ ၃၉၆၈ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၆၁၅၀ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၀၁၁၈ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

   

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာများကို ဆေးရုံ တင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံ တက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေးအဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။