လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များအတွင်းရှိ ကျေးရွာ/ ရပ်ကွက် အချို့တို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲများထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဧပြီ - ၂၅

   

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက် နေ့စဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

   

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ညောင်ကျေးရွာ၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁၃)ရပ်ကွက်၊ အမှတ်(၁၄)ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊ ကစဉ်ကျေးရွာနှင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၁၄) ရပ်ကွက်များရှိ အိမ်ထောင်စု စုစုပေါင်း ၁၅၀၇၅ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

   

အလားတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်အတွင်းရှိ အိမ်ထောင်စု စုစုပေါင်း ၄၀၀ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။