ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာလာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၂၅

   

COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလများအတွင် ဗုဒ္ဓဘာသာ ဘုရားစေတီများအပါအဝင် အခြားဘာသာများအလိုက် ဘာသာရေးကျောင်းများအား ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ပြန်လည်ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ယနေ့တွင်လည်း ဗုဒ္ဓဘာသာ ဘုရား၊ စေတီ၊ ကျောင်းကန်များတွင် ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများက  စည်ကားသိုက်မြိုက်စွာ ကုသိုလ်ယူ ဖူးမြော်ကြည်ညိုလျက်ရှိကြသည်။

 

အလားတူ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာအလိုက် ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင်လည်း သက်ဆိုင်ရာဘာသာဝင် များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက် ရှိကြသည်။

 

ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအဝင် အခြား မြို့ကြီးများတွင် အများပြည်သူများ အပန်းဖြေနိုင်စေရန်အတွက် ပန်းခြံများ၊ ကစား ကွင်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိသည့်အပြင် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိပြီး ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်း ခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများ ကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်း သတင်း ရရှိသည်။