မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဘုရားသုံးဆူစေတီဘုန်းတော်ကြီးကျောင်းအား ဆူပူအကြမ်းဖက်သူလူအုပ်စုမှ ဝင်ရောက်ဖျက်ဆီး၍ အဆောက်အဦပစ္စည်းများနှင့် မော်တော်ယာဉ် ၁ စီး ပျက်စီး

နေပြည်တော်၊ ဧပြီ ၂၆
    
၂၀၂၁ ခုနှစ်၊ ဧပြီလ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဘုရားသုံးဆူ စေတီဘုန်းကြီးကျောင်းအား ဆူပူအကြမ်းဖက်သူလူအုပ်စုမှ ဝင်ရောက်ဖျက်ဆီးခဲ့သည့်အတွက် ကျောင်းတိုက်အဆောက်အဦပစ္စည်းများနှင့် မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။    ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် အမရပူရမြို့နယ်၊ ကနောကျေးရွာရှိ ဘုရားသုံးဆူစေတီဘုန်းကြီးကျောင်းသို့ ကနောကျေးရွာနေ မြင့်ဆွေ ဦးဆောင်သော ဆူပူအကြမ်းဖက်သူ လူအုပ်စုအင်အား ၂၀ ဦးခန့်က ဝင်ရောက်ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းဝင်းအတွင်း ဆူပူအကြမ်းဖက်သူများအား မတွေ့ရှိရဘဲ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဥူးဂေါတိက၊ သက်တော် ၅၂ နှစ်၊ ဝါတော် (၃၂)ဝါ မှာလည်း တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဆူပူအကြမ်းဖက်သူလူအုပ်စု၏ ဖျက်ဆီးမှုကြောင့် ဘုန်းတော်ကြီးကျောင်းဝင်ပေါက်ရှိ အလျား ၁၂ ပေ၊ အနံ ၁၂ ပေခန့်ရှိ သစ်သားတံခါးမကြီး ၁ ချပ်၊ ကျောင်းထိုင်ဆရာတော် သီတင်းသုံးသည့် ကျောင်းဆောင်ရှိ တံခါး ၁ ချပ်၊ ပြတင်းတံခါးမှန် ၄ ချပ်၊ သိမ်နှစ်ထပ်ကျောင်းဆောင်ရှိ သစ်သား ပြတင်းတံခါး ၆ ချပ်နှင့် ကျောင်းဆောင်အမိုးတို့ ပိန်ချိုင့်ကျိုးပဲ့ကွဲအက်ပျက်စီးကာ ဘုန်းတော်ကြီး ကျောင်းပိုင် MDY RLG-2123 Odyssey ယာဉ် ၁ စီးမှာ မှန်များကွဲအက်ကာ ပိန်ချိုင့်ပျက်စီး နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ဖြစ်စဉ်အား စုံစမ်းရာ ဧပြီလ ၂၅ ရက်နေ့က ဆရာတော် ဥူးဂေါတိကမှ ၎င်းကျောင်းတိုက်အဝင်လမ်းအား လမ်းခင်းလိုသဖြင့် ကနောကျေးရွာအတွင်း ကျေးရွာလူထု လမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေး လမ်းခင်းနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကူအညီ တောင်းခံခဲ့သည့် ကိစ္စအပေါ်မကျေနပ်၍ ယခုကဲ့သို့ ဘုန်းတော်ကြီးကျောင်းအား လာရောက် ဖျက်ဆီးခဲ့သဖြင့် ကျောင်းထိုင်ဆရာတော်မှာ တိမ်းရှောင်နေခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်နှင့်ပတ်သက်၍ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦများ၊ မော်တော်ယာဉ် အား ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းလျက်ရှိကြောင်းနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။