ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၉) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

 
နေပြည်တော် ဧပြီ ၂၆

 
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၉) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကျင်းပသည်။

 
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်ဇနီး၊ စေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

 
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဧည့်ပရိသတ် များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။

 
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက အဘိဓဇမဟာရဋ္ဌဂုရု ပေါက်မြိုင် ဆရာတော် ဘုရားကြီးနှင့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြသည်။
ယင်းနောက် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဧည့်ပရိသတ်များက ရေစက်ချ အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်ပွဲမင်္ဂလာ အခမ်းအနား ရုပ်သိမ်းသည်။

 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။