မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများမှ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦ များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၂၇

    ဆူပူအကြမ်းဖက်သူများမှ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက် အဦများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။

    ထိုသို့လုပ်ဆောင်ရာတွင် ဧပြီလ ၂၆ ရက်နေ့တွင် ည ၆ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့် မီးပွိုင့်ရှိ အချက်ပြ မီးထိန်းချုပ်ရေး အခန်းနှင့် (၁၂)ရပ်ကွက်၊ ပါရမီလမ်းနှင့်  မင်းဓမ္မလမ်းထောင့်ရှိ အချက်ပြ မီးထိန်းချုပ်ရေးအခန်းတို့အား အကြမ်းဖက်သူက မီးတုတ်ဖြင့် ပစ်ပေါက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ အချက်ပြ မီးထိန်းချုပ်ရေး အခန်းများအနီး၌ မီးလောင်နေသည့် မီးတုတ် ၁ ချောင်းစီအား တွေ့ရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် အချက်ပြ မီးထိန်းချုပ်ရေးအခန်းများ မီးကူးစက် လောင်ကျွမ်းမှုမရှိကြောင်း သိရသည်။

    အလားတူ ယနေ့တွင် နံနက် ၃ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥသာမြို့သစ် (၉)ရပ်ကွက်ရှိ “ကျွန်ဖူး” ဝိုင်ထုတ်ထုပ်ရေး ကုမ္ပဏီခြံဝင်းအတွင်းရှိ ဂိုဒေါင်အား အကြမ်းဖက်သူ အမျိုးသား ၂ ဦး က ဝင်ရောက် မီးရှို့ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဂိုဒေါင်အတွင်းရှိ TV ၁ လုံး၊ မီးစက် ၁ လုံးနှင့် ဘိလပ်မြေအိတ် ၃၀ လုံးတို့ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

    အထက်ပါဖြစ်စဉ်များမှ ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ သွားနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။