မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ် ထားရှိသူများနှင့်အတူ ဆက်လက် ဖော်ထုတ်ဖမ်းဆီး

 နေပြည်တော်၊ ဧပြီ ၂၇

 လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ် ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးမှုများအား ရရှိသတင်းများအရ ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စန္ဒကူး(၄)ရပ်ကွက်၊ အိမ်အမှတ်(၄၄)မှ သံဒိုင်း ၂၀ ခု၊ ကျည်ကာအင်္ကျီ ၂ ထည်၊ မီးစာ တပ်ဆင်ထားသည့် မီးပုလင်း ၈ လုံး၊ လက်လုပ်သေနတ် အပိုင်းအစ ၁ ခုတို့အား လည်းကောင်း၊ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ထန်းတောကျေးရွာနေ သက်ထွေး(၁၈)နှစ် (ဘ)ဦးလှသန်း၏ နေအိမ်မှ လက်လုပ် သေနတ် ၁ လက်၊ စတီးပြောင်း ၁ ခု၊ ဖန်ဂေါ်လီ ၃၀ လုံးတို့အားလည်းကောင်း၊ ည ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်နေ ဖြူဖြူသိန်း(၅၃)နှစ် (ဘ)ဦးစံသိန်း၏ နေအိမ်မှ ဖြူဖြူသိန်းပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ နှင့်အတူ နေအိမ်အတွင်းမှ မီးစာတပ်ဆင်ထားသည့် ဒီဇယ်ပုလင်း ၅ လုံး၊ ယမ်း ၂ ပိဿာခွဲ၊ လက်လုပ်ဗုံး ၁၈ လုံး၊ သံမူလီ ၄ ထုတ်၊ သံမှို ၅၀ ကျပ်သား၊ လောက်စာလုံး ၅၀ လုံးနှင့် အခြားဆက်စပ် ပစ္စည်းများအား လည်းကောင်း၊ ဧပြီလ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၅)ရပ်ကွက်၊ မြင်သာ(၆) လမ်းဘေးရှိ ခြုံများအတွင်းမှ မီးခိုးဗုံး ၅၅ လုံး၊ ဖိုက်ဘာဦးထုပ် ၅၀ လုံး၊ မီးခိုးကာ မျက်မှန် ၃၄ လက်၊ ဒူးလေး ၁ လက်၊ လေးကိုင်း ၂ ခု၊ မြှားတံ ၁၈ ချောင်း၊ ကျည်ကာအင်္ကျီ ၁၃ ထည်နှင့် အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း အသီးသီး တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်း ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။