ကရင်ပြည်နယ်ရှိ လုံခြုံရေးရဲကင်းစခန်းနှင့် မွန်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်

နေပြည်တော်၊ ဧပြီ ၂၈

 

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင်ကရင်ပြည်နယ်ရှိ လုံခြုံရေးရဲကင်းစခန်းနှင့် မွန်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ရာတွင် ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ကူးဆိပ်ရဲကင်းစခန်းအား (စိစစ်ဆဲ) လက်နက်ကိုင် သောင်းကျန်းသူ အင်အား ၅၀ ဦးခန့်သည် အရှေ့မြောက်ဘက်ရှိ တောင်ကြောပေါ်မှ လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် အဆိုပါ သောင်းကျန်းသူများသည် လာလမ်းအတိုင်း ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

အလားတူ ည ၉ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ကားလမ်း “ရွှေသံလွင်” တိုးဂိတ်အဟောင်းတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ကိုက် ၁၀၀ ခန့်အကွာရှိ တောင်ကုန်းပေါ်မှ (စိစစ်ဆဲ) လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများမှာ ဒေါက်ရပ်ကျေးရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။