နေပြည်တော်၊ ဧပြီ ၂၈
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဥက္ကဌ၏ နေအိမ်အား ဆူပူအကြမ်းဖက်သူများက အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်၊
ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ကလေးမြို့နယ်၊ တင်သားကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဥက္ကဌဖြစ်သူ ဦးအောင်မောင်း (၆၂)နှစ် (ဘ) ဦးအောင်မော်၏ နေအိမ်အား ဆူပူအကြမ်းဖက်သူအင်အား ၂၀၀ ဦးခန့်က ဆူပူအော်ဟစ် ရောက်ရှိလာပြီး ခဲ၊ လေးခွ၊ တူမီးသေနတ်များဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်ခဲ့သဖြင့် နေအိမ် အတွင်းရှိနေသူ ဦးအောင်မောင်း၏ တူမဖြစ်သူ မညိုမေ(၃၀)နှစ် (ဘ) ဦးသာအောင် သည် သေဆုံးသွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သူ များ၏ အကြမ်းဖက်ရန်ပြုပစ်ခတ်မှုများကြောင့် မညိုမေတွင် ဦးခေါင်းသေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ဦးအောင်မောင်း၏ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ်၊ ဆိုင်ကယ် ၂ စီးနှင့် ရေမော်တာ ၁ လုံးတို့ ဖျက်ဆီးခံထားရပြီး နေအိမ်အောက်ထပ်၌ အကြမ်းဖက်သူများ ပစ်ခတ်တိုက်ခိုက်ရာတွင် မပေါက်ကွဲဘဲကျန်ရှိသည့် လက်လုပ်မိုင်း ၁ လုံးနှင့် ၁၂ ဗို့ကျည်ခွံ ၂ ခုတို့အား သိမ်းဆည်းရရှိကာ ဦးအောင်မောင်းပါ မိသားစု ၄ ဦးအား ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိထားသည်ကို တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုလုပ်ရပ်တွင် ပူးပေါင်းပါဝင်ပတ်သက် သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ၎င်းဖြစ်စဉ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူ ခင်မောင်ထူး (၃၅)နှစ် (ဘ) ဦးသန်းရွှေအား ဖမ်းဆီးရမိခဲ့ပြီး ဦးအောင်မောင်း ပါ မိသားစုဝင် ၄ ဦးအား ၎င်းတို့၏လုံခြုံရေးအတွက် နယ်မြေခံတပ် စောင့်ရှောက် ထားရှိပြီး ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ဧပြီ ၂၇ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၊ မြို့ကုန်းရပ်ကွက်ရှိ မြို့ကုန်းရပ်ကွက်ရေးမှူးဖြစ်သူ ဦးထွန်းပေါ်(ဘ)ဦးသာအေး နှင့် ဦးဟိန်းဇော်ဦး(ဘ)ဦးသိန်းရွှေ တို့ ၂ ဦးသည် နေအိမ်၌ရှိစဉ် လင်းနိုင်ထွန်း၊ ထွန်းအေး နှင့် ဝင်းနိုင် တို့ ၃ ဦးရောက်ရှိလာပြီး စကားပြောဆိုရန်ရှိသည်ဟု ပြောဆို၍ အိမ်အပြင် ဆိုခေါ်ပြီး စကားများကြရာမှ လင်းနိုင်ထွန်း က အသင့်ပါလာသည့် လက်နက်ငယ် ဖြင့်ပတ်ခတ်ခဲ့ရာ ဦးထွန်းပေါ် နှင့် ဦးဟိန်းဇော်ဦး တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး လင်းနိုင်ထွန်း တို့ ၃ ဦးသည် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ က နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေရာ ဦးဟိန်းဇော်ဦး သည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူများ၏ နေအိမ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ရှာဖွေရာ လင်းနိုင်ထွန်း နှင့် ဝင်းနိုင် တို့ ၂ ဦးသည် ထွက်ပြေးတိမ်းရှောင် လျက်ရှိပြီး လင်းနိုင်ထွန်း၏ နေအိမ်မှ UEC တံဆိပ်တုံး ၁ ခု၊ ဆန္ဒမဲစာရင်းပုံစံ(၁၆)နှင့် ကန့်ကွက်လွှာပုံစံ (၄)စာရွက်စာတမ်းများ၊ NLD တံဆိပ်ပါ ရှပ်အင်္ကျီ များနှင့် ဦးထုပ်များအား သိမ်းဆည်းရမိခဲ့ပြီး ထွန်းအေး (ဘ)ဦးရှင်လာ အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူအား ဖယ်ခုံမြို့မရဲစခန်း၌ တရားဉပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။