နေပြည်တော်၊ ဧပြီလ ၂၈
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင်ဧပြီလ ၂၇ ရက် နေ့လယ် ၁၁ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ သရက်ခရိုင်ပညာရေးမှူးရုံးရှေ့၌ လည်းကောင်း၊ ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ နာရီစင်အနီး၌လည်းကောင်း၊ လက်လုပ်ဗုံး/မိုင်းများ တွေ့ရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၃ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၅ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ တိုင်းဒေသကြီးအခွန်ဦးစီးမှူးရုံး ဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရုံးအတွင်းရှိ အမျိုးသားအိမ်သာအတွင်း၌ လက်လုပ်ချိန်ကိုက်မိုင်း ၁ လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် အိမ်သာလေဝင်ပေါက် အုတ်နံရံ ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထို့အတူ ည ၆ နာရီခွဲအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအား အကြမ်းဖက်သူ အမျိုးသား ၂ ဦး မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ အဆိုပါရုံးဝင်းအတွင်းရှိ နံပါတ်ပြားများ ထိန်းသိမ်းသည့် အဆောက်အဦအမိုးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက် ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား လည်းကောင်း၊ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် အမရပူရမြို့နယ်၊ ဖျောက်ဆိပ်ကုန်းရပ်၊ (၆၈) လမ်းဘေးရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအား လည်းကောင်း၊ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမြင့်အောင်၏ နေအိမ်အား လည်းကောင်း ဆူပူအကြမ်းဖက်သူများက မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာကာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံး များနှင့် လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ရုံး၊ နေအိမ်၊ အဆောက်အဦများနှင့် ပရိဘောဂပစ္စည်းများ၊ မော်တော်ယာဉ်များ အနည်းငယ်ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အလုပ်သမား၊လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး အား အကြမ်းဖက်သူအမျိုးသား ၂ ဦးက မော်တော်ဆိုင်ကယ် ၁ စီးဖြင့် လာရောက်၍ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ရုံးအရှေ့သွပ်အမိုးစပ်အား ထိမှန်ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အမိုးသွပ် ၁ ပေခန့်ပေါက်ပြဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရ သည်။
အလားတူ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟောအောင်မြေ မြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်းနှင့် ၃၈ လမ်းထောင့်လမ်းပေါ်၌ ဆူပူအကြမ်းဖက် ဆန္ဒပြရာတွင် အသုံးပြုသည့်ပစ္စည်းများ စုပုံထားရှိသဖြင့် ဖယ်ရှားရှင်းလင်းစဉ် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။