နေပြည်တော် ဧပြီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ငွေကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ထုတ်လုပ်ရန် အသင့်ရောစပ်ထားသော ပြင်းအားမြင့် ပျော်ရည်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧပြီ ၂၇ ရက် ည ၇ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု ဝမ်မိုင်(အာခါ)ကျေးရွာ အနီး၌ လော်ဂျေး(ခ)အားဂျေး ၄၂ နှစ် မောင်းနှင်လာသည့် FORTUNER မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ငွေကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ထုတ်လုပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင်နှင့်လိမ္မော်ရောင် ပြင်းအားမြင့်ပျော်ရည် (Concentrated) ၁၀၀ လီတာခန့် သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိသော ဆေးရည်များကို မိုင်းဆတ်မြို့နယ် မဟုန်ကန်ကျေးရွာမှ နားယောင်းကျေးရွာသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
(သတင်းစဉ်)