ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်

နေပြည်တော်   ဧပြီ  ၃၀

ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်သားများက  ဆန်၊  ဆီနှင့်  စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိရာ  ယနေ့တွင်  ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ  အမှတ်(၆)ရပ်ကွက်၊ ရေဥက္ကံကျေးရွာ၊    အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်၊ အတွင်းပဒံ ကျေးရွာ၊ သဇင်ကျေးရွာ၊ ရွှေလင်ဗန်းကျေးရွာ၊ အလယ်ရွာရှိ အိမ်ထောင်စု စုစုပေါင်း ၁၃၈၉၇  စုတို့အတွက် လည်းကောင်း၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ    အိမ်ထောင်စု စုစုပေါင်း ၅၀၀ စုတို့အတွက် လည်းကောင်း ဆန်နှင့် စားသောက်ဖွယ်ရာများကို တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည့် အပြင် ပြည်သူတို့၏  ကျန်းမာရေး၊  ပညာရေးတို့ကိုပါ တတ်နိုင်သည့်ဘက်က    ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံအကျဆုံး စားရေးတွင်လည်း  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် အခြေခံ စားသောက်ကုန်များကို ယခုကဲ့သို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက် ရှိကြောင်းနှင့်  ဆက်လက်၍လည်း   လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။