နေပြည်တော် ဧပြီ ၃၀
တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူလူထု၏ အဓိက အကျဆုံး ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များ စုစည်းကာ ဒေသခံပြည်သူများ လူထုများအား ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၇၅၃၅၀ ဦး၊ အတွင်းလူနာ ၄၄၃၉ ဦးကို ကုသပေးနိုင်ခဲ့သည်။
၎င်းင်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၈၂၅၄ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၂၂၁ ဦး၊ စုစုပေါင်း ၁၂၄၇၅ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိကာ ကလေးမီးဖွားလူနာ ၄၂၇၅ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၆၅၀၂ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ ကလေးငယ် ၁၀၇၇၇ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူနာများအတွက် သွေးလိုအပ်မှု မရှိစေရေးအတွက် (၇၅)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ကျန်းမာရေး ကဏ္ဍမြင့်မားရန်အတွက် အရှိန် အဟုန်ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။