နေပြည်တော် ဧပြီ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့ရှိ မြို့မတပ်ဦးကျောင်းတွင် အောင်သိဒ္ဓိ ဆုတောင်းပြည့်စေတီတော် တည်ထားကိုးကွယ်ရန် ပန္နက်တင်အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ နေရာ၌ ပြုလုပ်ရာ မိုင်းခုတ်မြို့ရှိ မြို့မတပ်ဦးကျောင်းတိုက်ဆရာတော် ဥူးစန္ဒဝရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ သံဃာတော်များနှင့် တက်ရောက်လာကြသူများက နမောတဿ ၃ ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ တက်ရောက်လာကြသူများက မြို့မတပ်ဦးကျောင်းတိုက်ဆရာတော် ဥူးစန္ဒဝရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သံဃာတော်များက မြေသန့်မင်္ဂလာပြုလုပ်ကာ နေ့နံအလိုက် ပန္နက်တင် အုတ်မြစ်ချ မင်္ဂလာ ပြုလုပ်ကြပြီး သံဃာတော်များနှင့် တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ၃ ကြိမ်ရွတ် ဆိုကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။