မြို့နယ်အချို့၌ ဆူပူဆန္ဒပြမှုများအား ဖြိုခွဲထိန်းသိမ်းခြင်းနှင့် နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ စာရွက်များနှင့်အတူ တွေ့ရှိသူများအား ဖမ်းဆီး

နေပြည်တော်၊ မေ ၁

   

နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့်  အများပြည်သူပိုင် အဆောက်အဦများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များ အား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသား လှုံ့ဆော်ဖြန့်ဝေသူများကိုလည်း နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

   

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ စိုးဝင်း (၅၄)နှစ် (ဘ) ဦးဖိုးတော၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား တွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အမှတ်တံဆိပ်ပါ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဲဆန္ဒရှင်စာရင်းစာရွက် ၁၂၉ ရွက်၊ Hand Speaker ၂ ခု၊ စပရေးဘူး ၃ ဘူး၊ နိုင်ငံတော်ဆန့်ကျင်ရေးစာသားများပါ စာရွက် ၂ ရွက်၊ လက်ကိုင်ဆိုင်းဘုတ်ပြုလုပ်ရာ တွင် အသုံးပြုသည့်ဝါးချောင်း ၁၅၀ ချောင်းနှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိ ခဲ့သည်။

   

အလားတူ နံနက် ၈ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဇေယျရပ်ကွက် ၌ လူစုလူဝေးအင်အား ၃၅ ဦးခန့်သည် စုဝေး၍ ရတနာမာန်အောင်ရပ်ကွက်မှ တစ်ဆင့် ရေစဉ်ကြီးဘက်သို့ လမ်းလျောက်ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲနိုင်ရေး ဥပဒေနှင့်အညီ ညှိနှိုင်းမှုပြုလုပ်ခဲ့ရာ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ဈေးအရှေ့ပြင်ရပ်ကွက်၊ ဘူတာရုံအရှေ့အရောက်၌ လူစုကွဲသွားခဲ့ကြောင်း သိရသည်။

   

အလားတူ နံနက် ၁၀ နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျိုက်ပေါက်ကျေးရွာအတွင်း လူစုလူဝေးအင်အား ၅၀ ဦးခန့် ဆူပူအကြမ်းဖက်ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲရှင်းလင်းခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး အဆိုပါလူအုပ်စုအတွင်းမှ ပဲခူးမြို့၊ မဟာစေတီရပ်ကွက်နေ သန်းထွဋ်အောင် (၂၁)နှစ် (ဘ) ဦးစိန်ဝင်းပါ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

   

အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။