ကချင်ပြည်နယ် ဗန်းမော်မြို့ ကွန်ပျူတာ တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း တီထွင်လိုက်သည့် COVID-19 ရောဂါကာကွယ်ရေး အတွက် အထောက်အကူပြု အပူချိန်တိုင်း ကင်မရာမှာအောင်မြင်မှု ရရှိခဲ့ပြီဖြစ်ကြောင်း ကွန်ပျူတာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးထံမှ သိရသည်။
'' COVID-19 အထောက်အကူပြု အပူချိန်တိုင်း ကင်မရာကို ကျောင်းသား၊ ကျောင်းသူတွေနဲ့ စုပေါင်း တီထွင်ခဲ့တာပါ။
တီထွင်ရတဲ့ ရည်ရွယ်ချက်ကတော့ COVID-19 ရောဂါဖြစ်ပွားမှုကို ကာကွယ်ဖို့၊ ကျန်းမာရေး ဝန်ထမ်းချွေတာဖို့၊ လျှပ်စစ်မီး မရနိုင်တဲ့နေရာတွေမှာ ဓာတ်ခဲအသုံးပြုပြီး အပူချိန်တိုင်း စစ်ဆေးနိုင်အောင် စတဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့တာပါ။
ကုန်ကျမှုလည်း ငွေကျပ် ၆ဝဝဝဝ ပဲရှိပြီးအလွယ်တကူ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်''ဟု ဒေါက်တာမေဖြိုးဦးက ပြောကြားသည်။
အဆိုပါ COVID-19 အထောက်အကူပြု အပူချိန်တိုင်း ကင်မရာဖြင့် သီးသန့် လူစောင့်ကြည့်စရာမလိုဘဲ အပူချိန်မြင့်တက်သည့် လူနာတွေ့ရှိပါက အသံအချက်ပေးစနစ် တပ်ဆင်ထားခြင်းကြောင့် သိရှိရန် လွယ်ကူပြီး လက်ရှိအချိန်တွင် ၁ဝ လုံး ထုတ်လုပ်မည်ဖြစ်ကာ ဗန်းမော်မြို့ပေါ်ရှိ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၊ မြို့ဝင်/ထွက်ဂိတ်များတွင် အခမဲ့
တပ်ဆင်နိုင်ရန် ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဆက်လက်၍ အပူချိန်တိုင်း စက်ရုပ်ကို တီထွင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာမေဖြိုးဦးထံမှ သိရသည်။