ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေး လေယာဉ် ANA ဖြင့် ပဉ္စမအကြိမ် ပြန်လည်ခေါ်ဆောင်မည်

ရန်ကုန်  သြဂုတ်  ၂၅

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ဂျပန်နိုင်ငံ၌ရောက်ရှိပိတ်မိနေသည့်   မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေး လေယာဉ်  All  Nippon  Airways (ANA) ဖြင့်  ပဉ္စမအကြိမ်   ပြန်လည်ခေါ်ဆောင်မည်ဖြစ် ကြာင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ  မြန်မာသံရုံးမှ သိရသည်။

ပဉ္စမအကြိမ်အဖြစ် သြဂုတ် ၂၇ ရက် တွင်  တိုကျိုမြို့ရှိ   နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ    ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ တွင် ထွက်ခွာမည်ဖြစ်ပြီး   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့   ညနေ ၅  နာရီခန့်တွင်  ရောက်ရှိမည်ဖြစ်ကာ  လက်ရှိတွင် မြန်မာနိုင်ငံသား ၁၇ဝ ဦးသည် မြန်မာနိုင်ငံသို့ ပြန်လည်လိုက်ပါရန်   စာရင်းပေးထားကြောင်း သိရသည်။

ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါကြမည့် မြန်မာနိုင်ငံသားများနှင့်  မိသားစုဝင်များသည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော လူထုအခြေပြု  စောင့်ရှောက်မှုပေးခြင်း (Community Based Facility Quarantine) ၂၁ ရက်နှင့်     မိမိနေအိမ်၌ သီးခြားနေထိုင်ခြင်း (Home  Quarantine) ခုနစ်ရက် စုစုပေါင်း ၂၈ ရက်ကို မပျက်မကွက် လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။

တိုကျိုမြို့ရှိ  မြန်မာသံရုံးသည် ဂျပန်နိုင်ငံ၌ ရောက်ရှိနေပြီး   မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့်   မြန်မာနိုင်ငံသားများကို ပထမအကြိမ်အဖြစ်  မေ ၂ ရက်က ၁၉၅ ဦး၊  ဒုတိယအကြိမ်အဖြစ် ဇွန် ၂၆ ရက်က ၁၇၉ ဦး၊  တတိယအကြိမ် အဖြစ် သြဂုတ် ၁ ရက်က ၁၇၄  ဦးနှင့် စတုတ္ထအကြိမ်အဖြစ် သြဂုတ် ၆ ရက်က ၁၆၉  ဦး ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အတွက် ကယ်ဆယ်ရေး လေယာဉ် စီစဉ်ပေးနိုင်ရန်   မေတ္တာရပ်ခံမှုကြောင့်   ANA ရုံးချုပ်နှင့် ဆက်သွယ်ညှိနှိုင်းကာ  စက်တင်ဘာ ၃ ရက်နှင့်  စက်တင်ဘာ ၁ဝ  ရက်တို့တွင်  ထပ်မံပျံသန်းနိုင်ရေး  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။