လမ်းပတ်ကြောင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ဟု တီမိုဝါနာဖွင့်ဟ

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပဇစ်အသင်းမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကြေး ပေါင် ၅၃ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် တစ်ဦးတည်း လေ့ကျင့်ခန်း ပြုလုပ်နေသည့် ဂျာမန်တိုက်စစ်မှူး တီမိုဝါနာက ၎င်းအား ကမ်းလှမ်းသည့် အသင်းများစွာ ရှိသည့်အနက် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ခြင်းမှာ  ၂၀၁၂ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ချယ်လ်ဆီးကို ဗိုလ်စွဲစေရန် ခြေစွမ်းပြကစားပေးခဲ့သည့် လက်ရှိနည်းပြလမ်းပတ်နှင့် နည်းစနစ် ဒါရိုက်တာပီတာဆက်ချ်တို့ကြောင့် ဖြစ်ကြောင်း ဖွင့်ဟပြောသည်။ အသက် ၂၄ နှစ်ရှိပြီဖြစ်သော တီမိုဝါနာသည် ၂၀၁၂ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်ကို ပယ်နယ်တီဖြင့် အနိုင်ရခဲ့သော ချယ်လ်ဆီးအသင်း ပွဲစဉ်အား ကြည့်ရှုပြီး  ထိုပွဲတွင် ပယ်နယ်တီဝင်အောင် ကန်နိုင်ခဲ့သည့်လမ်းပတ်ကို လေးစားအားကျခဲ့ကြောင်း ဖွင့်ဟပြောသည်။

တီမိုဝါနာက “ချယ်လ်ဆီးကစားသမားတွေကို ကျွန်တော်ဟိုးအရင်ကတည်းက သိခဲ့တာပါ။ ချန်ပီယံလိဂ်မှာ သူတို့ ဗိုလ်စွဲတော့ ဒရော့ဂ်ဘာနဲ့ ချယ်လ်ဆီးကစားသမားတွေကို အားကျခဲ့တယ်။ ကျွန်တော့်နည်းပြသစ် ဖြစ်လာပြီဖြစ်တဲ့ ဖရန့်လမ်းပတ်၊ နည်းစနစ်ဒါရိုက်တာ ပီတာဆက်ချ်တို့လည်း ဘိုင်ယန်နဲ့ဗိုလ်လုပွဲမှာ ခြေစွမ်းပြခဲ့ကြတယ်။ အခု ဒီကစားသမားတွေနဲ့ လက်တွဲရတော့ မှာဖြစ်လို့ အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ကျွန်တော်က သူတို့နဲ့တူတဲ့ ကစားသမားမျိုး မဖြစ်ချင်ပေမယ့် အသင်းခေတ်သစ်တစ်ခုထူထောင်ရာမှာ သူရဲကောင်းတစ်ယောက်အဖြစ် သူတို့လိုပဲ အောင်မြင်နိုင်ဖို့ ချယ်လ်ဆီးကို ရွေးချယ်ခဲ့တာပါ။ အစွမ်းကုန်ပေးဆပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်”ဟု ချယ်လ်ဆီး ဝက်ဘ်ဆိုက်အင်တာဗျူးတွင် ပြောသည်။

Ref:Dailymail