မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၄

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။

ထို့သို့အပ်နှံရာတွင် မေလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် မင်းတပ် ကျေးရွာမှ လက်လုပ်သေနတ် ၁၃ လက်အားလည်းကောင်း၊ ခင်ဦးမြို့နယ် ပင်တင်းကျေးရွာမှ လက်လုပ် သေနတ် ၁ လက်အားလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် သပြေကုန်း ကျေးရွာအုပ်စုမှ တူမီးသေနတ် ၁၁ လက်အားလည်းကောင်း၊ ဖယ်ခုံမြို့နယ် ဈေးနောက်ကွက်သစ်ရပ်ကွက် မှ လက်လုပ်သေနတ် ၁ အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ရိုးတန်းလယ်တီ ကျေးရွာမှ လက်လုပ်‌သေနတ် ၄ လက်အား လည်းကောင်း၊

ထို့အတူ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာ အုပ်စုမှ တူမီးသေနတ် ၂၀ လက်တို့အားလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တောင်မြင့်ရွာမကျေးရွာ မှ တူမီးသေနတ် ၁၂ လက်၊ လက်လုပ်လေသေနတ် ၁၂ လက်၊ တောင်မြင့်ရွာသစ်ကျေးရွာမှ တူမီးသေနတ် ၃ လက်၊ လက်လုပ်လေသေနတ် ၂ လက်တို့အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ မှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့သည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော တူမီးသေနတ်နှင့် လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။