ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း - မြန်မာနိုင်ငံ အရေးကို အာဆီယံ နည်းလမ်းဖြင့် ဖြေရှင်းနိုင်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူပြော
မြန်မာနိုင်ငံ အရေးကို အရှေ့တောင်အာရှနိုင်ငံများ အသင်းအဖွဲ့(အာဆီယံ) ၏နည်းလမ်းဖြင့် ဖြေရှင်းနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် မြန်မာ့တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာ((Xinhua) သတင်းဌာနနှင့် မကြာသေးမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ကျင်းပသော အာဆီယံခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်စဉ် အာဆီယံခေါင်းဆောင်များနှင့် လူကိုယ်တိုင်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းပြကာ ၎င်းတို့၏ သဘောထားများ၊ အမြင်များနှင့် အကြံပြုချက်များကိုလည်း နားထောင်ခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း ကပြောသည်။
အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက် (၅)ချက်ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဖြစ်စဉ်အတွင်း ပါဝင်နေသည့် အဖွဲ့များကြားတွင် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု တစ်ခုပြုလုပ်ရန် အဆိုပါ သဘောတူညီချက်တွင် ဖော်ပြတောင်းဆိုထားသည့်အပြင် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် အာဆီယံဥက္ကဋ္ဌ၏ အထူး သံတမန်တစ်ဦးကို ခန့်အပ်ရန်လည်း အကြံပြုထားသည်။
''အာဆီယံခေါင်းဆောင်တွေက သက်ဆိုင်ရာ နိုင်ငံတွေနဲ့ဒေသတွင်းမှာ နိုင်ငံရေး အတွေ့အကြုံတွေ များစွာရှိတဲ့အတွက် မိမိတို့အနေနဲ့ လေးစား တန်ဖိုးထားပါတယ်'' ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောသည်။
ထို့ပြင် ဒေသတွင်းနိုင်ငံများ၏ အရေးကိစ္စများကို အာဆီယံ နည်းလမ်းအတိုင်း အာဆီယံ ပဋိညာဉ်စာတမ်းနှင့်အညီ ဖြေရှင်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သော အကြံပြုချက်များကို သေချာစဉ်းစား သုံးသပ်သွားမည်ဖြစ်ကြောင်း၊ အာဆီယံက အဆိုပြုသည့် ခရီးစဉ်များကိုလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု အခြေအနေအပေါ်တွင် အခြေခံကာ စဉ်းစားသုံးသပ် သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ဦးစားပေး ကိစ္စရပ်များမှာ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပြန်လည်တည်ဆောက်ရန် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက်နှင့် စပ်လျဉ်း၍ပြောသည်။
အလားတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အဆင်ပြေချောမွေ့စေနိုင်ပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ အာဆီယံ ပဋိညာဉ်စာတမ်း၊ အာဆီယံနည်းလမ်း၊ အာဆီယံစိတ်ဓာတ်တို့နှင့်အညီ ဖြစ်သော အကြံပြုချက်များကို အသေအချာ စဉ်းစားသုံးသပ် သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ထို့ပြင် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အဖွဲ့များကို ဖွဲ့စည်းခြင်းအားဖြင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ယင်းနောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ပြီးခဲ့သည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုပြန်လည် ဖွဲ့စည်းမှု၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မှု၊ စီးပွားရေး လုပ်ငန်းများကို ကုစားမှုနှင့် နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဆောင်ရွက်မှုတို့ပါဝင်ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ပြီးစီးပါက အနိုင်ရပါတီထံသို့ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းများကို နိုင်ငံတော် အရေးပေါ် အခြေအနေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံအပါ အဝင် အိမ်နီးချင်းနိုင်ငံများက ထိုကိစ္စနှင့် ပတ်သက်၍ ယုံကြည်ပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် ၎င်းက မြန်မာနိုင်ငံသည် အိမ်နီးချင်းကောင်းများကို ပိုင်ဆိုင်ထားကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ပြည့်စုံကျယ်ပြန့်သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးနှင့် ညီရင်းအစ်ကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး တည်ဆောက်ထားနိုင်မှုကို အသားပေးပြီးပြောသည်။
အာဆီယံခေါင်းဆောင်များ အစည်းအဝေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ မှတ်ချက်ပြုပြောဆိုမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် တရုတ်နိုင်ငံ၏ အထူးဂရုပြုမှုကို အသိအမှတ်ပြုကြောင်း၊ တရုတ်နိုင်ငံ၏ သဘောထားများကိုလည်း တန်ဖိုးထားလေးစားကြောင်း ပြောသည်။
၎င်းတို့အနေဖြင့် ကုလသမဂ္ဂကို တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် မိသားစုအဖြစ် ရှုမြင်လိုကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို လေ့လာသုံးသပ်ခြင်းအားဖြင့် ၎င်းတို့အပေါ် နားလည်နိုင်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောသည်။
အခြားနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ နောက်တစ်ကျော့ဖြစ်ပွားနေစဉ် မြန်မာနိုင်ငံကလည်း ကောင်းစွာဂရုပြုရန် လိုအပ်ကြောင်း၊ အိန္ဒိယ၊ ရုရှားနှင့်တရုတ်နိုင်ငံတို့မှရရှိသည့် ကာကွယ်ဆေးများ အသုံးပြုမှုကိုလည်း အတည်ပြုထားပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
တရုတ်နိုင်ငံသည် ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းသည် သာမကဘဲ မြန်မာနိုင်ငံအတွင်းသို့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ စေလွှတ်ခြင်းဖြင့် အတွေ့အကြုံများ မျှဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးတို့တွင် ကမ္ဘာတစ်ဝန်းက အသိအမှတ်ပြုခြင်း ခံရသည့် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့မှုများကို ဆက်လက်ရရှိမည်ဟုမျှော်လင့်ကြောင်း ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုနှင့် ဒဏ်ရာရသေဆုံးမှုများ ရှိနေဆဲဖြစ်ကြောင်း၊ ဆန္ဒပြမှုအကြိမ်ရေ လျော့ကျလာသည့်အတွက် တင်းမာမှုများသည်လည်း အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားပြီဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ဖော်ဆောင်ရေး အတွက် လုပ်ဆောင်စရာ ရှိသည်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောသည်။
တွေ့ဆုံမေးမြန်းမှု အသေးစိတ်မှာ-ဆင်ဟွာသတင်းဌာနမှ Mr. Che Hong Liang ကမေးမြန်းရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွန်ခဲ့သည့် ရက်ပိုင်းအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ခဲ့သည့်အခါမှာ မြန်မာနိုင်ငံအတွက် ဘယ်လိုများ အကျိုးရလဒ်များကို ရရှိခဲ့ပါလဲ။ အစည်းအဝေးမှာ အာဆီယံ အထူးကိုယ်စားလှယ် စေလွှတ်ပြီးတော့ ညှိနှိုင်းဖြေရှင်းရေးမှာ ပါဝင်ဖို့နဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် သဘောတူညီချက်များလည်း ရရှိခဲ့တယ်လို့ သိရပါကြောင်း၊ ထိုသဘောတူညီချက်များကို အာဆီယံနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံ အနေဖြင့် မည်ကဲ့သို့ အသေးစိတ် ဆောင်ရွက်သွားမည်လဲဆိုတာ သိချင်ပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း။ ပြန်လည်ဖြေကြားရာတွင် မိမိတို့တပ်မတော်က တာဝန်ယူပြီး သည့်နောက်ပိုင်းတွင် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂ဝဝ၈ ) ခုနှစ်နှင့်အညီ မိမိတို့က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ကြောင်း၊ ဒီလ ၂၄ ရက်နေ့မှာ မိမိတို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပသည့် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ခဲ့ပါကြောင်း၊ ယင်းအစည်းအဝေးမှာ မြန်မာနိုင်ငံ အစိုးရအနေဖြင့် လက်ရှိ မိမိတို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအမှန်များကို မိမိတို့အထောက်အထား ခိုင်ခိုင်လုံလုံ အကြောင်းအရာ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ မိမိတို့က အာဆီယံနိုင်ငံ့ ခေါင်းဆောင်များကို လူချင်းတွေ့ပြီး တူညီသည့်စကား၊ တူညီသည့် တစ်နေရာတည်း တစ်ချိန်တည်းမှာ ရှင်းပြခွင့်ရခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲက ပထမဦးဆုံး ရှင်းပြသည့်အထဲမှာ တပ်မတော်အနေနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်ကို လွှဲပြောင်း တာဝန်ယူခဲ့သည့် အခြေခံ အကြောင်းအရင်းများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေ ဆူပူဆန္ဒပြမှု အကြမ်းဖက်ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ကောင်စီရဲ့ ဖွဲ့စည်းပုံရှေ့ လုပ်ငန်းစဉ်များကို မိမိတို့အနေဖြင့် နိုင်ငံတကာ အာဆီယံနိုင်ငံ ခေါင်းဆောင်များရှေ့မှာ ရှင်းပြခဲ့ကြောင်း၊ ခိုင်မာသည့် စစ်မှန်သော သတင်းအချက်အလက် စာရင်းဇယားများနဲ့အတူ ခိုင်ခိုင်လုံလုံ ရှင်းပြခဲ့ကြောင်း၊ ယင်းသို့ရှင်းပြပြီးနောက် အာဆီယံနိုင်ငံ့ခေါင်းဆောင်ကြီးများက တစ်နိုင်ငံချင်းအလိုက် သဘောထားများ၊ အမြင်များ၊ အကြံပြုချက်များကို မိမိတို့ တိုက်ရိုက်နားထောင်ခဲ့ရကြောင်း၊ အပြန်အလှန်လည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဆွေးနွေးပွဲကတော့ အပိုင်း( ၂ )နဲ့ ဆွေးနွေးတာဖြစ်ကြောင်း၊ အများကပြောတာသည် မြန်မာနိုင်ငံ၏အရေးကိုပဲ သီးသန့်ဆွေးနွေးတာလို့ ထင်ကြကြောင်း၊ ၎င်းကဲ့သို့ မဟုတ်ပါကြောင်း၊ အပိုင်းနှစ်ပိုင်းနှင့် ဆွေးနွေးတာဖြစ်ပြီး၊ အပိုင်းနှစ်ပိုင်းမှာ အစိတ်အပိုင်းသုံးခုပါဝင်ကြောင်း၊ အဲဒီအစိတ်အပိုင်းသုံးခုမှာ နံပါတ်တစ်က အာဆီယံအသိုက်အဝန်း ထူထောင်ရေး၊ အာဆီယံ ပြင်ပဆက်ဆံရေးတို့ ဆွေးနွေးကြောင်း၊ ထိုအထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါတားဆီးကာကွယ် ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနဲ့ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေးမှာ အာဆီယံရန်ပုံငွေကို အမေရိကန် ဒေါ်လာ ၁ သိန်း ထည့်ဝင်လှူဒါန်းတာ ပြောခဲ့ပါကြောင်း၊ အာဆီယံရဲ့ ဆောင်ပုဒ်တစ်ခုဖြစ်သည့် ''မျှဝေခြင်းနဲ့ စောင့်ရှောက်ခြင်း''အပြင် ကျင့်သုံးလျက်ရှိသည့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ခြင်းကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးရေးနှင့် မြန်မာနိုင်ငံ အနေနှင့် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်ရေးစာချုပ် TAC ပါ အချက်များအပေါ်မူတည်ပြီး အာဆီယံအဖွဲ့များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည့် အကြောင်းကို ပြောကြားခဲ့ကြောင်း၊ တတိယပိုင်းတွင် ခေါင်းစဉ်မှာ ဒေသတွင်း နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခြင်း ဖြစ်ကြောင်း၊ ၎င်း၌ မြန်မာနိုင်ငံအကြောင်းကို ဆွေးနွေးဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်ပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အကြံပြုဆွေးနွေးချက်များ အပြီးတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ခေါင်းဆောင် အသီးသီးနှင့် ကိုယ်စားလှယ် အသီးသီး၏ ကောင်းမွန်သည့် ဆွေးနွေး အကြံပြုချက်များကို အလေးပေး ဆောင်ရွက်သွားမည့် အကြောင်းကို ပြောကြားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ အရေးကိစ္စနှင့်ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းရှင်းလင်းပြောကြားချက်များကို အချိန်ပေးပြီး လေ့လာသုံးသပ်စေလိုကြောင်း၊ ခြုံငုံပြီး အချက်(၃)ချက် ပြောခဲ့ကြောင်း၊ ထိုအချက် (၃) ချက်သည်လည်း သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအပေါ် ပေးအပ်ခဲ့သည့် အကြံပြုချက်များ၊ အပြုသဘောဆောင်သည့် ကောင်းမွန်သည့် အချက်များပါသည့်အတွက် ၎င်းအချက်များကို ပြည်တွင်း၌ လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများနှင့် ဆက်စပ်ပြီး အလေးပေး ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုရရှိရေးကို ဦးစားပေး ဆောင်ရွက်နေသောကြောင့် ပြည်တွင်းတည်ငြိမ် အေးချမ်းမှုအပေါ် မူတည်ပြီးမှသာ အာဆီယံက အဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ခရီးစဉ်များကို စဉ်းစားသွားမည် ဆိုသည့်အကြောင်းနှင့် မိမိတို့ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် အကောင်အထည် ဖော်ရာတွင် အာဆီယံက အပြုသဘော ကူညီပံ့ပိုးမှုများနှင့် စပ်လျဉ်းပြီး Asean Charter ၊ Asean Way ၊ Asean Spirit များအပေါ် အခြေခံစဉ်းစားပြီး နိုင်ငံ့ကောင်းကျိုးအတွက် စဉ်းစား ပေးမည်ဖြစ်ကြောင်းကို ပြောကြားခဲ့ကြောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ international protocol နိုင်ငံတကာ ဆက်ဆံရေး သဘောတရားများအရ နစက အနေနှင့် အာဆီယံ ခေါင်းဆောင်များဖြင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း၊ အသိအမှတ်ပြုခံခဲ့ရ ခြင်းဖြစ်သည်ဟု မိမိပြောလိုကြောင်း။
Mr. Che Hong Liang ။ အာဆီယံ သဘောတူညီချက်များကို အသေးစိတ် အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ ထပ်မံသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း။ မိမိတို့အနေဖြင့် အာဆီယံ၏ သဘောတူညီချက်(၅)ရပ် ထုတ်ပြန်ခဲ့တာရှိကြောင်း၊ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မိမိတို့ပြောသွားသည့် အချက်(၃)ချက်နှင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုအရာများကို လုပ်ဆောင်နိုင်ရန် Technical Team များဖွဲ့စည်းပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ Technical Team များ ဖွဲ့စည်းပြီးမှသာ မည်သို့ လုပ်ဆောင်ရမည်ကို အသေးစိတ် သိရှိရမည်ဖြစ်ကြောင်း၊ ထိုအခါမှသာ အသိပေးသွားမည်ဖြစ်ကြောင်း။
Mr. Che Hong Liang ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံနှင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံ အရေးကိစ္စအပေါ် ထားရှိသည့် ရပ်တည်ချက်နှင့် အခန်းကဏ္ဍကို သုံးသပ်ချက်နှင့် မည်သည့်မျှော်လင့်မှုမျိုး ရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း ။ ယခုမေးခွန်းသည် တစ်ခုစီသီးသန့် ခွဲပြောရမည့် သဘောရှိကြောင်း၊ ပထမဆုံး ကုလသမဂ္ဂနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအကြောင်း ပြောလိုကြောင်း၊ ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအချို့၏ မြန်မာ့အရေးနှင့် ပတ်သက်ပြီး သတင်းအမှားများ၊ လုပ်ကြံသတင်းများ၊ wrong infor-mation များ၊ Fake News များအပေါ် သုံးသပ်နေသည်ဟု မိမိယူဆကြောင်း၊ ကုလသမဂ္ဂဆိုသည်မှာ ပြဿနာရှိလာပါက ပြဿနာများကို ဖြေလျှော့ပေးရန်၊ ငြိမ်းချမ်းရေးကို ဦးတည်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဟု မိမိသဘော ပေါက်ပါကြောင်း၊ ဥပမာပြောရလျှင် အမေရိကန်နှင့် ကျူးဘားပြဿနာများ၊ အရေးအခင်းများဖြစ်ကြောင်း၊ ထို့နောက် တင်းမာမှုများ လျော့သွားအောင် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရကြောင်း၊ သို့သော် ယနေ့ခေတ်တွင်မူ ထိုသို့မဟုတ်တော့သည်ကို မိမိတို့ ထင်ထင်ရှားရှား တွေ့မြင်နေရကြောင်း၊ အထူးသဖြင့် နိုင်ငံငယ်များနှင့် ပတ်သက်လာပါက ထိရောက်သည့် ကူညီအားပေးမှု ဆောင်ရွက်ရန် အားနည်းသည်ဟု မိမိမြင်ကြောင်း၊ မြန်မာနိုင်ငံကိစ္စတွင်လည်း ကုလသမဂ္ဂမှ တာဝန်ရှိသူအချို့က စွပ်စွဲပြောဆိုမှုများ ရှိပါကြောင်း၊ မိမိတို့မြန်မာစကားနှင့် ပြောရလျှင် ''မီးလောင်ရာလေပင့်''နေသည့် ပုံစံမျိုးလုပ်နေသည်ကို တွေ့ရကြောင်း၊ နိုင်ငံငယ်များအနေဖြင့် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံအားလုံး ချစ်ကြည်ရင်းနှီးမှုအတွက် ကုလသမဂ္ဂ၏ အရိပ် အာဝါသအပေါ် မိမိတို့ခိုလှုံလိုကြောင်း၊ သို့သော် ၎င်းတို့ထင်မြင်ယူဆချက်သည် နိုင်ငံကြီးတချို့၏ လွှမ်းမိုးမှုအောက်ကနေ မလွတ်ဘူးဟု မိမိအနေဖြင့် ခံစားရပါ ကြောင်း၊ မိမိတို့အနေဖြင့် ကုလသမဂ္ဂကို ကမ္ဘာမိသားစုကြီး အဖြစ်မြင်တွေ့လိုကြောင်း၊ အဆိုပါအမြင်သည် ကုလသမဂ္ဂနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအပေါ် ထားသည့် သဘောထားဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်ဖြစ် သည့် ရုရှားနှင့် တရုတ်နိုင်ငံသည် မိမိတို့နိုင်ငံအပေါ် အမြဲတမ်းနားလည်ပေးသည့် နိုင်ငံကြီးများဖြစ်ကြောင်း၊ ထိုအတွက် မိမိတို့မြန်မာနိုင်ငံ အနေဖြင့် အထူးကျေးဇူးတင် ရှိပါကြောင်း၊ အာဆီယံနှင့် ပတ်သက်ပြီး ပြောရလျှင် အာဆီယံဆိုသည်မှာ မိမိတို့၏ မိသားစုဆွေမျိုးသားချင်းများ ဖြစ်ကြောင်း၊ အာဆီယံခေါင်းဆောင်များသည် တစ်နိုင်ငံချင်း အလိုက်နှင့် ဒေသအတွင်း၌ နိုင်ငံရေး အတွေ့အကြုံနှင့် အခြားအတွေ့အကြုံများပါ များစွာရှိသည့် ခေါင်းဆောင်များ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အထူးလေးစား တန်ဖိုးထားပါကြောင်း၊ နိုင်ငံများ၏ အရေးကို အာဆီယံနယ်ပယ်အတွင်းက အာဆီယံ ပဋိညာဉ်နှင့်အညီ ဖြေရှင်းသွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံ များအနေဖြင့် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်း ပီသသည့် နိုင်ငံများဖြစ်ကြောင်း၊ မိမိတို့ တန်ဖိုးထားလေးစားပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် မဟာဗျူဟာ မြောက်ဆက်ဆံရေး၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ရှိသည့် အခိုင်မာဆုံးသော အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးမှာ တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများသည် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ကြောင်း၊ အာဆီယံနိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးအပြီးတွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မြ. ွျှညေါ ွျှနညဘငည က ပြောကြားခဲ့သည့် တရုတ်နိုင်ငံ အနေဖြင့် အာဆီယံနှင့်အတူ ရင်းနှီးခင်မင်စွာ ချိတ်ဆက်ပြီး အာဆီယံ၏ ကြားဝင်စေ့စပ်က ကြိုးပမ်းမှုကို ထောက်ခံအားပေးခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ၏ နည်းလမ်းဖြင့် မြန်မာနိုင်ငံရဲ့ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ၏ အခြေအနေကို ဆောလျင်စွာ အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်ရေး ဖော်ဆောင် ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ယခုလို မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို သိရခြင်းကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားခြင်းကြောင့် အထူးကျေးဇူးတင်ကြောင်း၊ အဆိုပါထင်မြင်ချက်ကို တန်ဖိုးထားလေးစားကြောင်း ဖြေကြားသည်။
Mr. Che Hong Liang ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံနှင့် တရုတ်နိုင်ငံအပေါ် မြန်မာနိုင်ငံ အနေဖြင့် မည်ကဲ့သို့ မျှော်လင့်ချက်ရှိကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း ။ ပြန်လည်ဖြေကြားရာ အဓိက မျှော်လင့်ချက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန်များကို သုံးသပ်ပြီး နားလည်နိုင်စေရန် မျှော်လင့်ကြောင်း၊ အာဆီယံနိုင်ငံများ အနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအပါအဝင် မိမိတို့သည် မြန်မာနိုင်ငံတွင် ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်မာအောင် လုပ်နေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ပိုမိုပြီး စည်းစနစ်ကျအောင်လုပ်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မိမိတို့၏ အာမခံချက်အတိုင်း မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်က သွေဖည်သွားမည် မဟုတ်ကြောင်း၊ မိမိတို့အပေါ် ယုံကြည်ပေးနိုင်ရန်မျှော်လင့်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ဖော်ပြပါမည်………