တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ တစ်သိန်းရှစ်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်၊ မေ - ၅

တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပြီး ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့များ စုစည်းကာ ဒေသခံပြည်သူများလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ည မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၈၅၅၇၉ ဦး၊ အတွင်းလူနာ ၄၀၁၄ ဦးကို ကုသပေးနိုင်ခဲ့သည်။

 ၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၈၆၅၉ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၄၂၀ ဦး၊ စုစုပေါင်း ၁၃၀၇၉ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၄၄၇၄ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၆၈၀၄ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၁၂၇၈ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိရကြောင်းနှင့် ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍမြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ ဒေသခံပြည်သူများ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သွေးလိုအပ်မှု မရှိစေရေးအတွက် (၇၅)နှစ်မြောက်စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း ကြပြီး ထိုသို့သွေးလှူဒါန်းနေမှုများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်း နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်သည်။

၎င်းအပြင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။