မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိ

နေပြည်တော်  မေ  ၅

လုံခြုံရေးတပ်ဖွဲ့ဝင်များသည်   ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊  ကိရိယာများအား  ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂ဝ၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဈေးရပ်ကွက်ရှိ အမှတ်(၁၄) အခြေခံပညာ

မူလတန်းကျောင်းဝင်း အတွင်း၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိုဝှက်ထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ  အဆိုပါ ကျောင်းဝင်းအတွင်းမှ  သံဒိုင်း ၅ ချပ်၊ ကော်ဒိုင်း ၄ ချပ်၊ ကျည်ကာအင်္ကျီ ၂၇ ခု၊ ဖိုက်ဘာဦးထုပ် ၁ လုံးတို့အား  တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၅ဝ မိနစ် အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ CDM လှုပ်ရှားဆောင်ရွက်မှု စာရွက်စာတမ်းများ  သိမ်းဆည်းထားကြောင်း သတင်းအရ   လုံခြုံရေး တပ်ဖွဲ့ဝင်များက   သွားရောက်စစ်ဆေးရာ ကျောင်းဝင်း   ဝင်ပေါက်လုံခြုံရေးဂိတ်အတွင်းမှ နိုင်ငံတော် ဆန့်ကျင်ရေး စာသားပါ ဗွီနိုင်းစ ၁၄ ခု၊   ကော်ဦးထုပ် ၆ လုံး၊ ဓာတ်ငွေ့ကာနှာခေါင်းစွပ် ၁ ခု၊ မျက်မှန် ၁ လက်၊ နိုင်ငံတော် ဆန့်ကျင်ရေးစာသားပါ စာရွက် ၃၅ဝ ရွက်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထို့အတူ ည ၉ နာရီခွဲခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊  ဒိုက်ဦးမြို့နယ်၊ သပြေတန်း ကျေးရွာနေ အောင်သိုက်စိုး(ဘ)ဦးထွန်းလှ အား လက်လုပ်သေနတ် ၁ လက်နှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်း ထားရှိသူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။