မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ဆူပူအကြမ်းဖက်သူများအား ဖြိုခွဲထိန်းသိမ်းစဉ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

နေပြည်တော်  မေ  ၅

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဘုရားတောင်ကျေးရွာအနီး မေလ ၄ ရက် နေ့ မွန်းလွဲ ၃ နာရီ ၅ဝ မိနစ်အချိန်တွင် ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက    အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်စဉ် ရေပြာကျေးရွာသို့ အရောက်တွင် ဆူပူဆန္ဒပြရန် လှုံ့ဆော်ခြင်း၊ အများပြည်သူများ   အထိတ်တလန့်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအား CDM ပြုလုပ်ရန် တွန်းအားပေးခြင်းများတွင် ဦးဆောင်ပြုလုပ်ခဲ့သူများအား လိုက်လံဖမ်းဆီးခဲ့ရာ ရေပြာကျေးရွာနေ ဦးကျော်စိုး (၅၅)နှစ်(ဘ)ဦးကြံပါ အမျိုးသား(၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီ ၅ မိနစ်တွင် ဘုရားတောင် ကျေးရွာအနီးသို့ ထွက်ခွာလာစဉ် ပေါက်-ပခုက္ကူကားလမ်း   ဘုရားတောင် ကျေးရွာလမ်းခွဲအရောက် ကားလမ်းဘေး ဝဲယာမှ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူအင်အား(၃ဝဝ)ဦးခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းအား လေးခွ၊ ဂျင်ကလိ၊ ကုံးသီး၊ ကျောက်ခဲ၊ အုတ်ခဲကျိုးတို့ဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့၍ အဓိကရုဏ်း လက်နက်များဖြင့် ပြန်လည် ပစ်ခတ်လူစုခွဲခဲ့ရာ ညနေ  ၄ နာရီ ၄ဝ မိနစ် တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်ရာတွင်ပါဝင်သူ    ဘုရားတောင်ကျေးရွာနေ နိုင်ဝင်း(၃၈)နှစ်ပါ အမျိုးသား(၁ဝ)ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုကြောင့်    လုံခြုံရေးယာဉ်(၂)စီးမှာ လေကာမှန်များ ကွဲအက်ပျက်စီးခဲ့သည်။

ညနေ ၅ နာရီ ၂၅ မိနစ်အချိန်တွင် ဆူပူအကြမ်းဖက်သူ အင်အား(၄ဝဝ)ဦးခန့်သည် ဖမ်းဆီးသွားသူများ ပြန်လွှတ်ပေးရေး အတွက် ရေပြာနယ်မြေ ရဲစခန်း၏ အရှေ့တောင်ဘက် ပခုက္ကူ-ပေါက် ကားလမ်းပေါ်မှနေ၍ ရဲစခန်းအား ဝိုင်းဝန်းအကြမ်းဖက် ရန်ပြုတိုက်ခိုက်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်ရာတွင် ပါဝင်သူ အမျိုးသား(၆)ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ကျော်ဇင်လတ်(စိစစ်ဆဲ)သည် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် ဆေးဝါးကုသမှုပေးနိုင်ရေး ပခုက္ကူဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များတွင်   ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဆူပူအကြမ်းဖက်သူများအား  ဥပဒေနှင့်အညီ  အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။