မန္တလေး - ဗန်းမော် ပြေးဆွဲလျက်ရှိသော ပေါက်တန်းရေယာဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ

မန္တလေး(ဂေါဝိန်ဆိပ်ကမ်း)မှ  (၃.၅.၂၀၂၁)ရက်နေ့ (၀၆:၀၀)နာရီအချိန်တွင် ခရီးသည်(၁၁) ဦး၊ ကုန်စည်(၂၁၅)တန်တင်ဆောင်ပြီး ထွက်ခွာလာသော“ပေါက်တန်း”ရေယာဉ်သည် (၆.၅.၂၀၂၁) ရက်နေ့(၁၀:၂၀)နာရီတွင် ကသာသို့ ဝင်ရောက်ခဲ့ပြီး (၁၁:၀၀) နာရီအချိန်တွင် ခရီးသည် (၁၀)ဦး၊ ကုန်စည် (၁၉၉)တန်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ (၂၀:၂၅) နာရီအချိန်ခန့်တွင် သာယာကုန်းနှင့် ကျောက်ကြီးရွာကြားအရောက်  မြစ်၏လက်ဝဲဘက်ကမ်းမှ မောင်းနှင်နေစဉ် သောင်းကျန်းသူအဖွဲ့များ ၏ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် (၁၅) မိနစ်ကြာ ပစ်ခတ်ခံရမှုကြောင့် တာဝန်ကျတက်မ ကိုင် ဦးဇော်မင်းဦးတွင် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် စက်ခန်းအုပ်(၄) ဖြစ်သူ ဦးအောင်ဇော်ငြိမ်းတွင် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ပါသည်။ ရေယာဉ်ကို လုံခြုံရေးရရှိနိုင်မည့် ရွှေကူသို့မောင်းနှင်ခဲ့ရာ (၂၃:၁၅)နာရီ တွင်ရောက်ရှိပြီး ဒဏ်ရာရဝန်ထမ်းများကို ဆေးကုသမှုပြုလုပ် ပေးခဲ့ကြောင်းနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

 

လက်ရှိတွင် ပေါက်တန်းရေယာဉ်အား ရွှေကူမြို့၌ အခြေပြုထားရှိ၍ နယ်မြေခံရဲတပ်ဖွဲ့ဖြင့် ရေယာဉ်ပေါ်တွင် လုံခြုံရေးဆောင်ရွက်ပေးထားပြီး ဖြစ်ပါသည်။ ထို့အပြင် ကသာတွင် ညအိပ်ရပ်နား သည့်ပြဒါးပျံရေယာဉ်အား မန္တလေးသို့စုန်ဆင်းစေပြီး၊ ဗန်းမော်သို့ ဆန်တက်မည့် ပိတောက်ရေယာဉ် အား ကသာမြို့၌ အခြေပြုထားရှိစေပါသည်။ လုံခြုံရေးအခြေအနေကောင်းမွန်မှသာ ပိတောက်ရေ ယာဉ်၊ ပေါက်တန်းရေယာဉ်များကို ဗန်းမော်သို့ ဆန်တက်စေမည် ဖြစ်ပါသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း ခရီးသွားပြည်သူများ စိတ် အေးချမ်းမြေ့စွာသွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် လေယာဉ်၊ ရေယာဉ်၊ ရထား၊ မော်တော်ကား ခရီးစဉ်များ ပြေးဆွဲစေလျက်ရှိရာ မသမာသူများက အဖျက်လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေး ရေယာဉ်ပေါ် တွင် အစောင့်လိုက်ရဲတပ်ဖွဲ့လိုက်ပါနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် လည်း မသင်္ကာဖွယ်ရာအခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။