ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုက်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၇

   

ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများအပေါ် ယုံကြည်ကာ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ ပညာသင်ကြားရေး နှစ်အလိုက် ပညာသင်ကြားပေးနိုင်ရေး ပြင်ဆင်လျက်ရှိသော ပညာရေးမှူးရုံးများ၊ အခြေခံပညာ အထက်တန်းကျောင်းများတွင် လက်လုပ်ဗုံး၊ လက်လုက်မိုင်းများ ထောင်ထားခြင်း၊ ဖောက်ခွဲခြင်း များကဲ့သို့ အဖျက်အမှောင့် လုပ်ရပ်များအား လုပ်ဆောင်လာနေကြသည်ကို တွေ့ရှိရပါသည်။

   

ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဒီဝါရပ်ကွက်၊ ၃၁ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ မန္တလေးဆေးတက္ကသိုလ် ဝန်ထမ်းအိမ်ရာအား လည်းကောင်း၊ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်း၊ “ရာဇဓိရာဇ်”အိမ်ရာအနီး၌ လည်းကောင်း၊ ည ၇ နာရီ ၅၅ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ဗဟိုတပ်ထိန်းရှေ့ ဂိတ်(၁)နှင့်(၂)ကြား ခြံစည်းရိုးအပြင်ဘက်၌ လည်းကောင်း၊ ည ၈ နာရီအချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဟေမန်ကျေးရွာ၌ လည်းကောင်း၊ မေ ၇ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွွာနေ ဦးသိန်းမိုးနိုင်(၃၅)နှစ်(ဘ)ဦးကြိုင်၏ နေအိမ်အား လည်းကောင်း၊ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သာစည်ရပ်ကွက်၊ ပညာရိပ်သာလမ်းနှင့် ဗလမင်းထင်လမ်းထောင့်၌ လည်းကောင်း၊ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ “မြန်မာ့လယ်ယာဖွံ့ဖြိုးရေး” ဘဏ်ရှေ့၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၇)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူးရုံး အနီးတို့၌လည်းကောင်း၊ နံနက် ၁၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၁)လမ်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ မြို့နယ်ဥပဒေရုံးရှေ့တို့၌ လည်းကောင်း၊  နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြား၊ ၃၀ လမ်းနှင့် ၃၁ လမ်းကြားရှိ ၃၁ လမ်းပေါ်နှင့် နံနက်  ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် ၆၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ မြန်မာ့အာမခံလုပ်ငန်း၊ တိုင်းဦးစီးမှူးရုံးတို့၌ လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြို့နယ်စည်ပင်ရုံး၌ လည်းကောင်း၊ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ရှိ ရဲစခန်း၌လည်းကောင်း၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ (၂)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းနှင့် ပြည်သူ့ဆေးရုံလမ်းဆုံရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအနီး၌ လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး ဘေးလမ်းပေါ်၌ လည်းကောင်း အကြမ်းဖက်သမားများက လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့ကာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   

ထို့ပြင် မေ ၆ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက် မြို့နယ်မြေစာရင်းရုံး ဝင်းအတွင်းရှိ ထမင်းစာဆောင်၌လည်းကောင်း၊ ညနေ ၅ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ကွက်ရှိ မော်လမြိုင်တက္ကသိုလ် ဝင်းအတွင်း၌လည်းကောင်း၊ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ မြဝတ်မှုံ(၁)လမ်းဘေးရှိ ပလက်ဖောင်း ပေါ်၌လည်းကောင်း၊   နံနက် ၁၀ နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၉ လမ်း၊ ၄၀ လမ်းနှင့် ၄၁ လမ်းကြားရှိ BNO ဖက်ရှင်စတိုးဆိုင်ရှေ့၌ လည်းကောင်း၊  နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အနောက် မျဉ်းပြိုင်ကွင်းလမ်း “ဖူးရှင်းဘရားသား” ကုမ္ပဏီရှေ့ စည်ပင်အမှိုက်ပုံဘေး၌ လည်းကောင်း၊    နေ့လယ် ၁၂ နာရီခွဲအချိန်တွင် သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အဝင်လမ်းဘေး၌ လည်းကောင်း အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ထောင်ထားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ပြည်သူလူထုအန္တရာယ်မရှိစေရေး အတွက် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။

   

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။