မေလမှာ မိုးရွာသွန်းမှုပုံမှန်မရှိတာကြောင့် နေ့အပူချိန်များ ဆက်လက်မြင့်တက်မှုရှိနိုင်ကြောင်း၊ မြစ်များ အားလုံးမှာ မြစ်ရေမြင့်တက်လာနိုင်တဲ့ အခြေအနေရှိကြောင်း၊ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း၊ လေထုမတည်မငြိမ်မှုများကြောင့် မိုးရွာသွန်းမှုများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်ပြက်ခြင်း စတဲ့ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းတို့ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။
မေး။ ။ မင်္ဂလာပါဆရာ။ အခု မေလအတွက် ဖြစ်လာနိုင်မယ့် မိုးလေဝသအခြေအနေနဲ့ မြစ်ရေအခြေအနေ များကို သုံးသပ်ဆွေးနွေးပေးပါဦး။
ဖြေ။ ။ မေလအတွက် မိုးလေဝသခန့်မှန်းချက်များကိုပြောရရင် မေလအတွင်း အနောက်တောင် မုတ်သုံလေ ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအထိ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ မုတ်သုံလေဝင် ရောက်မယ့် အခြေအနေကတော့ မေလ ၁၆-၂၁ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း၊ မေ ၂၂-၂၇ ရက် အတွင်း မြစ်ဝကျွန်းပေါ်ဒေသများနှင့် မေ ၂၈ ရက်မှ ဇွန် ၂ ရက်အတွင်း အလယ်ပိုင်းဒေသများသို့ ဝင်ရောက် နိုင်ပါတယ်။ မုတ်သုံဦးကာလမှာတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင် အနောက်တောင်မုတ်သုံ လေသည် အားအသင့်အတင့်သာရှိနိုင်ပါတယ်။
မုတ်သုံမဝင်ခင် မေလအစပိုင်းမှာ အခြားသော မိုးလေဝသဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုရှိနိုင်သလို မေလနှောင်းပိုင်း မုတ်သုံဝင်သွားပြီးနောက် မုတ်သုံမိုးများကြောင့် မေလမှာရွာသွန်းတဲ့မိုးရေချိန်ဟာ မိုးကြို မိုးနဲ့မုတ်သုံမိုး နှစ်ခုပေါင်းတဲ့မိုးရေချိန်များဖြစ်ပါတယ်။ မေလရဲ့မိုးရွာသွန်းမှုအခြေအနေကတော့ နေပြည် တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း နှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၁၅ ရက်မှ ၂၂ ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ခုနစ်ရက်မှ ၁၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မေလအတွက် ဖြစ်နိုင်တဲ့နေ့အပူချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည် နယ်တို့မှာ မေလပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် အထက်ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါတယ်။
နေ့အပူချိန်များကတော့ မုတ်သုံမဝင်မီနဲ့ မုတ်သုံကာလအစက မိုးရွာသွန်းမှု ပုံမှန်မရှိတာကြောင့် နေ့အပူ ချိန်များ ဆက်လက်မြင့်တက်မှုရှိနိုင်ပါတယ်။ တချို့ဒေသတွေမှာဆိုရင် နေ့အပူချိန်မြင့်တက်မှု အများဆုံးက ဧပြီလမဟုတ်ဘဲ မေလအတွင်းမှာ ဖြစ်တာကို တွေ့ရပါတယ်။
မေး။ ။ မြစ်ကြီးများမှာဖြစ်ပေါ်နိုင်တဲ့ မြစ်ရေအခြေအနေများကိုလည်း သုံးသပ်ဆွေးနွေးပေးစေချင်ပါတယ်။
ဖြေ။ ။ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေး မြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ၇ ပေမှ ၁၀ ပေခန့်၊ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၃ ပေမှ ၆ ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့နဲ့ ကလေးဝမြို့တို့မှာ ၅ ပေမှ ၇ ပေခန့်၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များ အထက်မြင့် တက်လာနိုင်ပါတယ်။
မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၂ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၁ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ် မြို့တို့မှာ ၃ ပေမှ ၅ ပေခန့်၊ စစ်တောင်းမြစ်ရေဟာတောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၁ ပေခွဲမှ ၃ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခွဲခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့မှာ ၂ ပေခန့်နဲ့ ပဲခူးမြို့မှာ ၄ ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ ၂ ပေမှ ၃ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ၁ ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ၁ ပေမှ ၂ ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၃ ပေခန့်၊ ကုလားတန် မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက် တော်မြို့တို့မှာ ၁ ပေမှ ၂ ပေခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ ၁ ပေခွဲခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။ ထိုသို့မြင့်တက် လာနိုင်သော် လည်း ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။
မေး။ ။ မေလမှာ မုန်တိုင်းတွေဖြစ်ပေါ်မှုအလားအလာနဲ့ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ။
ဖြေ။ ။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မေလ(မိုးကြိုကာလ)အတွင်း ဘင်္ဂလားပင်လယ် အော်မှာဖြစ်ပေါ် တဲ့ မုန်တိုင်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်လောက်က မြန်မာ့ကမ်းရိုးတန်းကိုဖြတ်ပါတယ်။ ဒီလိုမိုးကြိုကာလ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးပါပါတယ်။ ဘာကြောင့်လဲဆိုရင်မြင့်တက်နေတဲ့ နေ့အပူ ချိန်များကို မုန်တိုင်းမိုးများကြောင့် လျှော့ချပေးသလို တုံ့နှေးတုံ့နှေးနဲ့ မဝံ့မရဲဖြစ်နေတဲ့ အနောက်တောင် မုတ်သုံရာသီလေကို ခေါ်ဆောင်လာပေးလို့ဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါဆရာ။ မုတ်သုံကာလတစ်လျှောက်လုံးအတွက် မိုးရွာသွန်းမှုအခြေအနေ၊ မြစ်ရေကြီးနိုင်တဲ့ အခြေအနေနဲ့ မုန်တိုင်းများ အခြေအနေက ဘယ်လိုများရှိနိုင်ပါသလဲ။
ဖြေ။ ။ ယေဘုယျခန့်မှန်းချက်များအနေနဲ့ မိုးဦး၊ မိုးလယ်နဲ့ မိုးနှောင်း(မိုးရာသီကာလ)မှာ မိုးရွာသွန်းမှုဟာ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် မုတ်သုံကာလ အနေအထားထက်ပိုနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ မြစ်ရေများ အခြေအနေကတော့ မိုးဦးကာလမှာ စိုးရိမ်ရေမှတ်ကိုမရောက်နိုင်သော်လည်း မိုးလယ်နဲ့ မိုးနှောင်း ကာလတွေမှာ စိုးရိမ်ရေမှတ်ကို ရေကြီးနေကျမြစ်များမှာ ရောက်ရှိနိုင်ပါတယ်။ မိုးဦးကာလမှာ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ မိုးလယ်ကာလမှာလည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းလေးကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ မိုးနှောင်းကာလမှာတော့ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။
မေး။ ။ မေလ ပထမ ၁၀ ရက်ပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကိုလည်း ဆွေးနွေး ပေးပါဦးဆရာ။
ဖြေ။ ။ မေ ၁ ရက်မှ ၁၀ ရက်အတွင်းဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကတော့-ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်ပါတယ်။ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာ သွန်းမြဲထက်ပိုနိုင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည် နယ်တို့မှာ ခြောက်ရက်မှ ခုနစ်ရက်ခန့်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ လေးရက်မှ ငါးရက ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ တစ်ရက်မှ သုံးရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မြစ်ရေအခြေအနေ
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နဲ့၊ ကသာမြို့တို့မှာ ၃ ပေမှ ၅ ပေခန့်၊ သပိတ် ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့နဲ့ ချောက်မြို့တို့မှာ ၁ ပေမှ ၂ ပေခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ပေဝက်မှ ၁ ပေခန့်လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့နဲ့ ကလေးဝမြို့တို့မှာ ၂ ပေမှ ၄ ပေခန့်၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါတယ်။
မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၁ ပေခန့်၊ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၁ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့ တို့မှာ ၂ ပေမှ ၄ ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၁ ပေမှ ၂ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခွဲခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက်မှ ၁ ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ ၁ ပေမှ ၁ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေဟာငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာပေဝက်မှ ၁ ပေခန့်နဲ့ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ ပေဝက်မှ ၁ ပေခန့်နဲ့ လေးမြို့ မြစ်ရေဟာ မြောက်ဦးမြို့မှာ ပေဝက်ခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၂ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။
မေး။ ။ မေလမှာ ကြိုတင်သတိပြုဖွယ်ရာ မိုးလေဝသ အခြေအနေများကို မိဘပြည်သူတွေပိုမိုသိရှိနိုင်အောင် ဆွေးနွေးပေးပါဦးဆရာ။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံအတွက် မုတ်သုံရာသီအစဖြစ်တဲ့ မိုးဦးကာလဟာ များသောအားဖြင့် မေလ လယ်လောက်မှာ စတင်ပါတယ်။ ဒါကြောင့် အခုလဟာ မိုးကြိုကာလမှ မိုးဦးကာလကို ကူးပြောင်းတဲ့ ကာလဖြစ်ပါတယ်။ ကြိုတင်သတိပြုဖွယ်ရာအနေနဲ့ကတော့ မုတ်သုံမဝင်မီအထိ နေ့အပူချိန်များဆက်လက် မြင့်တက် နေမှုကြောင့်ရယ်၊ မိုးကြိုကာလ လေထုမတည်မငြိမ်မှုများကြောင့် မိုးတိမ်တောင်များဖြစ်ထွန်းကာ မိုးရွာသွန်းမှုများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်ပြက်ခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်များ မွန်းလွဲ၊ ညနေပိုင်းတွေမှာ မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်နိုင်ပါသေးတယ်။
မေလအတွင်းမှာ မုတ်သုံအဝင်နောက်ကျခဲ့မယ်ဆိုရင် မိုးကြိုကာလရှည်ကြာမယ်။ ဒါဆိုရင် မိုးကြိုကာလမှာ ဖြစ်ပေါ်တတ်တဲ့ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဆိုင်ရာ ဘေးအန္တရာယ်များကို ပိုမိုကြုံတွေ့ရနိုင်ပါတယ်။ မိုးကြိုကာလအတွင်း မိုးရွာသွန်းမှုဟာ မုတ်သုံကာလ မိုးရွာသွန်းမှုများကဲ့သို့ ပုံမှန်ရွာသွန်းမှုမရှိတဲ့အတွက် စိုက်ရေးပျိုးရေးမှာနောက်ကျနိုင်ပါတယ်။ နောက်တစ်ခုက မိုးကြိုကာလ မုန်တိုင်းများ ဖြစ်ပေါ်တတ်ခြင်းဖြစ်ပါတယ်။
မေလအတွင်း အနောက်တောင်မုတ်သုံလေစတင်ဝင်ရောက်နိုင်တဲ့အတွက် မုတ်သုံအဝင်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း၊ မိုးသက်လေပြင်းများကျရောက်ခြင်း စတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်တတ်ပါတယ်။ မုတ်သုံလေဝင်ရောက်ပြီး တစ်ပတ်ခန့်ကြာမြင့်ပြီးနောက် လျော့နည်းသွားတတ်ပါတယ်။
မုတ်သုံအစပိုင်းကာလတွေမှာတော့ မိုးရွာသွန်းမှုက ပုံမှန်မရှိနိုင်သေးတဲ့အတွက် စိုက်ပျိုးရေးအတွက် သတိပြုစရာ ဖြစ်ပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နဲ့တစ်ပြေးညီထုတ်ပြန် ပေး နေတဲ့ မုန်တိုင်းသတိပေးချက်၊ သတင်းတို့ကို ဂရုပြုနားထောင်ဖို့နဲ့ ကောလာဟလသတင်းတွေကို မယုံကြည် ဖို့လိုကြောင်း အကြံပြုလိုပါတယ်။ မြစ်ချောင်းများအနီးနေထိုင်ကြသူများအဖို့ လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ။
မြဝတီ