တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ တစ်သိန်းကိုးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော် မေ ၇

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့်  ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက်  ပြည်သူလူထုအတွက်   အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊   သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကု သပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏  အရေးပေါ် ကျန်းမာရေး ဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၉၀၂၃၆ ဦး၊ အတွင်းလူနာ ၅၉၁၁၀ ဦးကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၈၈၇၆ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၅၃၃ ဦး၊ စုစုပေါင်း ၁၃၄၀၉ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများ ကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်  ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေး မီးဖွားလူနာ ၄၅၇၄ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၆၉၀၅ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ  ကလေးငယ် ၁၁၄၇၉ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော် အနေဖြင့် ပြည်သူလူထု၏  ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်သည်။

ထို့ပြင်  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၅၀၀)၌  တက်ရောက် ဆေးကုသမှု ခံယူ လျက်ရှိသော သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ တပ်မတော် ဆေးရုံ၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ  အထူးကုဆေးရုံ ကြီး(ခုတင်-၅၀၀)နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော သံဃာတော်များ၊  ဒေသခံပြည်သူများနှင့် အရာရှိ၊  စစ်သည်၊ မိသားစုများအား သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များကလည်းကောင်း ယနေ့တွင် သွားရောက်ကြည့်ရှု၍  တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့်  ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။      

ထို့နောက်  တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှု၍    လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

တပ်မတော်၏ ဆေးဝါးကုသမှုများအပေါ် ယခုလိုပဲ ကြားသိရပါတယ်-

“မွေးမယ့်ညက လမစေ့ဘဲ ရေမြွှာပေါက် တာပေါ့။ အပြင်မှာ OG အပ်ထားပေမယ့် လူကြီးကိုတော့ တာဝန် ယူမယ်လို့ပြောတယ်။ ကလေးအတွက်ကျတော့ သူတို့မှာ ပစ္စည်း အစုံအလင်မရှိဘူးဆိုတဲ့အတွက် မြောက် ဥက္ကလာဆေးရုံကိုလွှဲပေးတယ်။ မြောက်ဥက္ကလာဆေးရုံမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကလေးဆရာဝန် တွေ အလုံအလောက်မရှိတဲ့အတွက်ကို သူတို့တာဝန် မယူနိုင်ဘူး။ တာဝန်မယူနိုင်ဘူးဆိုတော့ ပိုပြီးစိတ်ချရတဲ့ တပ်မတော်ဆေးရုံကို လွှဲစာနဲ့လွှဲပေးလိုက်တာပါ။ ဒီကိုရောက်လာတဲ့ အချိန်မှာ ကျွန်မက လမစေ့ဘဲမွေး တယ်။ ရေမြွှာစောပေါက်တဲ့အတွက် သမီးလေးက ရေမွန်းတယ်။ ကျွန်မမှာလည်း လူကြီးလည်ပင်းသား အပိုင်း ရှိတဲ့အတွက်ကို  သွေးနဲ့ပတ်သက်တဲ့   ရောဂါဝေဒနာမျိုးတွေ ခံစားနေရတယ်။ ဆရာဝန်တွေကနေပြီး သမီးလေးကို သွေးလဲတယ်။ သွေးလဲလို့ မရတော့ သွေးရည်ကြည်ထည့်တယ်။ ထည့်မရတော့ အပြင်မှာ  အဆင့်ဆင့်ပိုးမွေးတယ်။ မိခင်ထက်တောင်  စောင့်ရှောက်ပေးတယ်။ အခုဆိုရင်  သမီးလေးအခြေအနေက ပိုပြီးတော့ တိုးတက်ကောင်းမွန်လာတယ်။ စိတ်ချရတဲ့ အနေအထားထိကို ရောက်သွားပါပြီ။ ဆရာတွေ၊   ဆရာမတွေကလည်း စိတ်ချရတဲ့အနေအထားရမှ မိဘဆီကိုပြန်အပ်တာဖြစ်ပါတယ်။ ပြန်အပ်တဲ့အခါမှာလည်း    ဘယ်လို ဂရုစိုက်ရမလဲ၊ ဘယ်လိုနို့တိုက်ရမလဲဆိုတာကို သေချာမှာတယ်။ ဆရာ၊ ဆရာမတွေရဲ့စိတ်ထားက မိဘတွေထက်တောင် ကိုယ့်သားသမီးသဖွယ်ကို ဂရုစိုက်တာပါ။ကလေးတွေကိုလည်း ဂရုစိုက်ပါတယ်။ ဆရာ၊  ဆရာမတွေအားလုံးကို အရမ်း ကျေးဇူးတင်ပါတယ်” ဟု  မိခင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့  ဒီကာလအတွင်းမှာ သားဖွားမီးယပ်  ပြင်ပလူနာဌာနအနေနဲ့ ၃၇၇၄ ဦး လက်ခံကုသပေး လျက်ရှိပြီး အတွင်းလူနာ၊  သားဖွားမီးယပ်ဆေးရုံတက်လူနာနှစ်ခုပေါင်းမှာ ၁၇၆၆ ဦးကုသပေးထားပြီး ဖြစ်ပါတယ်။  လူနာတွေအပါအဝင်ခွင့်ပြုထားတဲ့ လူနာစောင့်အားလုံးကို နေထိုင်စရာနေရာ  ပေးထားပါတယ်။ မနက်၊ နေ့လယ်၊ ည  ကျွေးမွေးပြီးတော့ ကုသမှုပေးနေတာဖြစ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးပြုစုကုသမှု အတွက်ကိုလည်း ကျွန်တော်တို့အခမဲ့  ဆောင်ရွက်ပေးနေပါတယ်” ဟု   ဗိုလ်မှူးအောင်ခိုင်စိုး ကပြောသည်။

 “အရေးပေါ်လာရောက်တဲ့လူနာတွေကိုပဲ ကုသရပါတယ်။ လာကြတဲ့လူနာတွေမှာလည်း အရေးပေါ် အခြေ အနေရှိတဲ့သူတွေပဲ လာတာများပါတယ်။ တချို့တွေက ကျောက်ကပ်တို့၊ သွေးရောဂါတို့ကိုလည်း အထူးကု ဆရာဝန်ကြီးတွေနဲ့လည်း ကုသမှုပေးပါတယ်။ OPD လာပြတဲ့လူနာကတော့ ၅ ထောင်ကျော်နဲ့ ၆ ထောင်ကြားရှိပါတယ်။ ဆေးရုံအတက်က ၄ ထောင်ကျော်ရှိပါတယ်။ ဆေးရုံတက်တဲ့လူနာတွေဆိုရင်တော့ အရေးပေါ်ဖြစ်တဲ့အတွက်ကြောင့်မို့ ဆေးရုံမတင်မဖြစ်တဲ့အတွက် ဆေးရုံတင် ပါတယ်။ တင်ပြီးတဲ့ အခါကျ တော့ ကိုဗစ် ကာကွယ်ရေးအတွက် လူနာတိုင်းကို ကလေး ရော၊ အမေရော စစ်ပေးပါတယ်။ ဆေးရုံ စတက်ရက်မှာတော့ သီးသန့်ခန်းမှာထားပြီး နောက်ရက်မှာတော့ ကိုဗစ် နြါအေငလန ဆိုရင် သက်ဆိုင်ရာ အခန်းမှာထားပြီး ဆက် လက်ကုသမှုခံယူတာဖြစ်ပါတယ်။ နေ့စဉ် ကတော့  မွေးကင်းစအဆောင်၊ ကလေး ကုသဆောင် နှစ်ခုစလုံးမှာ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကိုယ်တိုင် မနက်ရော၊ နေ့လယ်ရော အရေးကြီး ရင်ကြီးသလို ၂၄ နာရီကို ဂျူတီတွေရှိပါတယ်။ တာဝန်ချထား တဲ့ဆရာဝန်တွေက အလှည့်ကျဆောင်ရွက် ပါတယ်။ ပါရဂူဆရာဝန်ကြီးတွေကလည်း နေ့စဉ် Round လှည့်ပါတယ်။ ကုသမှုတွေ အကုန်လုံးကို အချိန်နဲ့ တစ်ပြေးညီလုပ်ပေး ပါတယ်။ ဥပမာအားဖြင့် ကျွန်မတို့ဆေးရုံ အနေနဲ့ ကုသမယ်ဆိုလို့ရှိရင် Support လုပ်တဲ့ဌာနတွေလည်း ရှိပါတယ်။ အဲဒါ ဘာလဲဆိုရင် ဓာတ်ခွဲတို့၊ ဓာတ်မှန်တို့ဖြစ် ပါတယ်။ သူတို့တွေကလည်း အရေးပေါ် အမြဲတမ်းအချိန်ပြည့် ၂၄ နာရီလုံးကို အရေးကြီး၊ အရေးပေါ်ကူညီပြီးတော့ ပံ့ပိုး ပေးတာရှိပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး ဒေါ်ဝင်းမာအေးက ပြောသည်။   

 (၁၀၀)