မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်ပိုင်အဆောက်အဦများနှင့် ပြည်သူပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်

နေပြည်တော်၊ မေ ၈

            ဆူပူအကြမ်းဖက်သူများအနေဖြင့် တိုင်းဒေသကြီးအချို့ရှိ မြို့နယ်အချို့၌ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ ပြည်သူပိုင်ပစ္စည်းများအား မီးရှို့ခြင်းနှင့် မီးပုလင်းများဖြင့်ပစ်ပေါက်ခြင်းတို့ ပြုလုပ်ဆောင်လျက် ရှိသည်။

            ထိုသို့လုပ်ဆောင်ရာတွင် မေလ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြောက်ရပ်ကွက်၊ ရွာမရပ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သူ ရန်အောင်မြင်ရပ်ကွက်နေ ဦးစန်းငွေ(ခ)ဦးခင်မောင်စန်းငွေ (၅၈)နှစ်(ဘ)ဦးဖိုးမယ် ပိုင်ဆိုင်သည့် အုတ်စက်အတွင်း ရပ်တန့်ထားသည့်​ မြေကော်စက် ၁ စီးအား လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံး၊ (၃)ထပ်ဆောင်အောက် မြေညီထပ်တွင် ရပ်တန့်ထား သည့်  ဆိုင်ကယ်များအား လည်းကောင်း၊  ဆူပူအကြမ်ဖက်သူများက မီးပုလင်းများ၊ မီးကွင်းများနှင့် ပစ်ပေါက်ခဲ့ရာ မီလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး  မီလောင်မှု့များကြောင့် မော်တော်ဆိုင်ကယ်များ ၊  စက်ယန္တရားများ မီးလောင်ပျက်စီးခဲ့‌ပြီး အခင်းဖြစ်နေရာအနီး၌ လက်လုပ် မိုင်း ၁ လုံး တွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။

            အလားတူ ယနေ့ နံနက် ၆ နာရီအချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွားကျေးရွာရှိ လုံခြုံရေးအရ ယာယီရုပ်သိမ်းထားရှိသည့် နယ်မြေရဲစခန်းအား   အကြမ်းဖက်သူအင်အား ၅၀ ဦးခန့်သည် လက်နက်များကိုင်ဆောင်၍ ရောက်ရှိလာပြီး ရဲစခန်းဆိုင်းဘုတ်အား ရိုက်ချိုးဖျက်ဆီးကာ ရဲစခန်းဝင်းအတွင်းရှိ  ပေ ၄၀ x ပေ ၁၈ ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ စခန်းရုံးအဆောက်အဦ ၁ လုံး၊ ၈ ပေx ၆ ပေရှိ သွပ်မိုး၊ ပျဉ်ခင်း နားနေဆောင် ၁ လုံး၊ ပေ ၂၀ x ပေ ၆၀ ရှိ သွပ်မိုး၊ သွပ်ကာ လူပျိုဆောင် ၁ လုံး၊ ပေ ၃၀ x ပေ ၁၈ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံး၊ ပေ ၆၀ x ပေ ၂၅ ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ၄ ခန်းတွဲ နေအိမ် ၁ လုံး၊ ၈‌ ပေ ပတ်လည်ရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၁ လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၁၀ ပေပတ်လည်ရှိ လက်နက်တိုက်အဖြစ်အသုံးပြုသော အုတ်တိုက်တံခါး သော့အား ရိုက်ချိုးဖျက်ဆီးခဲ့ရာ အဆိုပါ ရဲစခန်းမှ ရဲစခန်းရုံးအပါအဝင် အဆောက်အဦ ၆ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

              အထက်ပါဖြစ်စဉ်မှ မီးရှို့ခဲ့သူအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။