သံလွင်မြစ်ရေ ဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၆

မွန်ပြည်နယ်အတွင်း သြဂုတ် ၂၁ ရက်ညနေပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)တို့တွင် ရေဝင်ရောက် မှုများဖြစ်ပေါ်ခဲ့သည်။

ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်များမှ အိမ်ထောင်စု ၇၂ စု၊ ရေဘေးသင့် ပြည်သူ ၃၅၆ ဦးကို ယာယီကယ်ဆယ်ရေး စခန်းဖြစ်သော ဘားအံမြို့ မိုးလုံလေလုံအားကစား ခန်းမသို့လည်းကောင်း၊ အိမ်ထောင်စု ၉၀ စု၊ ရေဘေးသင့်ပြည်သူ ၄၈၁ ဦးကို ရွှေရင်မျှော်ဘုရားရှိ ယာယီကယ်ဆယ်ရေး စခန်းသို့လည်းကောင်း သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ဘားအံတပ်နယ်မှ တပ်မတော်သားများက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ပြောင်းရွှေ့နေရာချထားပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါ ယာယီကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ပိုင်းတွင် ဘားအံတပ်နယ်မှ ဗိုလ်မှူးကြီး နေလင်းထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ထမင်းဘူးများနှင့် ရေသန့်ဘူးများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။