ရီးယဲလ်အသင်းမှ စပိန်တိုက်စစ်မှူး မာရီယာနိုသည် ဇူလိုင် ၂၇ ရက်က COVID-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ဇူလိုင်၂၈ ရက်တွင် ပိုးရှိကြောင်း အဖြေထွက်ပေါ်ခဲ့သဖြင့် နေအိမ်၌သီးခြားခွဲပြီး ကုသမှုခံယူရမည်ဖြစ်သည်။ ထို့ကြောင့် မာရီယာနိုသည် သြဂုတ် ၇ ရက်တွင် မန်စီးတီးနှင့် ကစားရမည့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရတော့မည်ဖြစ်သည်။ ရီးယဲလ်သည် မန်စီးတီးကို ပထမအကျော့ အိမ်ကွင်းပွဲတွင် ၂ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာ ယခုပွဲမှာ မန်စီးတီးအိမ်ကွင်း၌ ကစားရမည်ဖြစ်သောကြောင့် ကျော်ဖြတ်နိုင်ရန် ခက်ခဲစွာကစားရမည် ဖြစ်သည်။
မာရီယာနိုနှင့်ပတ်သက်ပြီး ရီးယဲလ်အသင်းက “အသင်းဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့က တစ်သင်းလုံးကို ဆေးစစ်တဲ့အခါ မာရီယာနိုမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်။ ကစားသမားရဲ့ ကျန်းမာရေးအခြေအနေက ပြီးပြည့်စုံအောင်ကို ကောင်းမွန်ပါတယ်။ သူ့ကို နေအိမ်မှာ သီးခြားထားပြီး ဆက်လက်ကုသသွားမှာပါ”ဟု ထုတ်ပြန်ခဲ့သည်။
ရီးယဲလ်အသင်းသည် ဇူလိုင် ၁၉ ရက်က လီဂါနက်စ်နှင့် နှစ်ဂိုးစီ သရေကျသောပွဲအပြီးတွင် ကစားသမားများကို တစ်ပတ်ကြာ နားရက်ပေးခဲ့ရာ သတင်းများအရ မာရီယာနိုသည် ထိုတစ်ပတ်အတွင်း မာဘယ်လာကမ်းခြေသို့ အပန်းဖြေ ခရီးထွက်ရာမှ ရောဂါကူးစက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
Ref:Dailymail