နေပြည်တော် မေ ၉
နိုင်ငံတော်အတွင်း ပြည်သူလူထုများ သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းမှု မရှိစေရေးအတွက် မော်တော်ဆိုင်ကယ် တင်သွင်းမှုများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်စေလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မသမာသောနည်းလမ်းဖြင့် အကောက်ခွန်မဲ့ တင်သွင်းနိုင်ရေးကို ဦးတည်သော ကုန်သည်အချို့သည် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား နယ်စပ်ဒေသလမ်းကြောင်း အသီးသီးမှ တင်သွင်းလာပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အရောင်းဆိုင်များ၊ အရောင်းပြခန်းများတွင် စည်းကမ်းသတ်မှတ်ချက်များကိုချိုးဖောက်ကာ တရားမဝင် ရောင်းချနေကြသည်ကို စိစစ်တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းလာသော အရောင်းဆိုင်/အရောင်း ပြခန်းများတွင် ရောင်းချလျက်ရှိသည့် တရားမဝင် မော်တော်ဆိုင်ကယ်များကိုသာ အဓိကဦးတည်ပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂ဝ၂၁ ခုနှစ် မေလ ၈ ရက်နေ့အထိ အရောင်းဆိုင်/အရောင်းပြခန်းများနှင့် နယ်စပ်ဒေသ လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် မော်တော်ဆိုင်ကယ်များ သိမ်းဆည်းရမိမှု အနေဖြင့် စုစုပေါင်း ၈၂၆ စီး သိမ်းဆည်းရမိခဲ့ပြီး ဖြစ်ကြောင်းနှင့် တရားမဝင် တင်သွင်းလာမှုများ မရှိစေရေး ဖမ်းဆီးအရေးယူမှုများအား ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။