ပေါက်ခေါင်းမြို့နယ် အတွင်းရှိ လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  မေ  ၁ဝ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း မေ ၉ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ နေအိမ်များ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့   ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပေါက်ခေါင်းမြို့နယ်၊ ဝါးရုံပင်လယ်ကျေးရွာ၊ ကုတင်ငါးဆင့်ကျေးရွာနှင့် ပဲမစင်ကျေးရွာများမှ လူနေအိမ် ၂၈ လုံး အမိုးလန်ပျက်စီး မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီး မှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက  သွားရောက်၍ အမိုးများ ပြန်လည်ပြုပြင်ပေးခြင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် နေအိမ်ပြန်လည် ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်တပ်နယ်မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးပြီး လေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။