ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများ၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်  မေ  ၁၀

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းအဆင်ပြေ စေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊   နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊  တိုက်ကြီးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့တို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အောက်ရွာဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓမ္မဗိမာန်ကျောင်းတိုက်နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အောက်ရွာဘုန်းတော်ကြီးကျောင်းမှ   သံဃာတော်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ရှိ နယ်လှည့်ဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။