တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာတစ်သိန်း ကိုးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်  မေ  ၁၀

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့်   ပြည်သူ့အကျိုးပြုလုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင်  ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ်ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၁၉၄၈၉၄ ဦး၊ အတွင်းလူနာပေါင်း ၆၀၄၄၆ ဦးကို ကုသပေးနိုင်ခဲ့သည်။

 ၎င်းင်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၉၀၇၂ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၆၂၈ ဦး၊ စုစုပေါင်း ၁၃၇၀၀ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၄၇၀၀ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၇၀၅၅ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၁၇၅၅ ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကဏ္ဍမြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။