ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာဝတ်ပြု ကြည်ညိုလျက်ရှိ

နေပြည်တော်  မေ  ၁၀

COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလများအတွင်း   ဘုရားပုထိုးစေတီများနှင့် အခြားဘာသာဝင်များ၏ ဘာသာရေးကျောင်းများအား ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။

ယင်းကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့တွင်လည်း ဗုဒ္ဓဘာသာ ဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ၏  ဘာသာအလိုက်  ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင် သက်ဆိုင်ရာဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးတို့အပါအဝင်   အခြား မြို့ကြီးများတွင် ပန်းခြံများ၊ ကစားကွင်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ပေးလျက်ရှိသည့်အပြင် ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊  ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို  တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။